JMC-U ၊ ဒုတိယ ဥက္ကဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး နှင့် တွေ့ဆုံမေးမြန်းခြင်း

JMCမှာ အာဏာရပါတီကို ကိုယ်စားပြုမယ့်သူ ပါဝင်နိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ မြိုင်ဆိုင်တာပေါ့။ ဘာလို့လည်းဆိုတော့ တပ်မတော်နဲ့ အစိုးရကြားမှာလည်း ပိုပြီးတော့ အချင်းချင်းနားလည်မှုပိုကောင်းလာမယ်

ဗိုလ်ချုပ်စောအိုင်းဇက်ဖို (JMC-U ၊ ဒုတိယ ဥက္ကဌ (၁) )

၁၃ ဇူလိုင် ၂၀၂၀

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဒုတိယဥက္ကဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးအား BNI၏ မြန်မာငြိမ်းချမ်းရေးစောင့်ကြည့်အဖွဲ့မှ တွေ့ဆုံမေးမြန်းထားပါတယ်။ JMC အနေနဲ့ ဘယ်လိုခရီးဆက်နေသလဲ၊ နှစ်နှစ်နီးပါးကြာ JMC အစည်းအဝေးတွေ ရပ်ဆိုင်းခဲ့ရပြီးနောက် ရှေ့ဆက်သွားနိုင်မယ့် အလားအလာတွေကို ဖတ်ရှုလေ့လာရမှာ ဖြစ်ပါတယ်။

မေး။ ။ ပထမဆုံး JMC ရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေလေးကို အကျဉ်းချုပ်သုံးသပ်ပေးပါ။

ဖြေ။ ။ တိုးတက်မှုဆိုတာပြောရရင် တစ်နှစ်နဲ့ ဆယ်လရပ်ဆိုင်းနေရာကနေ အလွတ်သဘောတွေ ဆွေးနွေးလာခဲ့တာ JICMရဲ့ လေးကြိမ်မြောက်မှာ သဘောတူညီချက်ရလာတာက အပစ်အခတ်ရပ်စဲတာနဲ့ ပတ်သက်တဲ့ အခန်း ၃၊ အခန်း ၄ကဟာတွေကို အပိုဒ်လိုက်ဆွေးနွေးနိုင်ဖို့နဲ့ အခန်း ၆ဆိုတဲ့ ကြားကာလအစီအစဉ်ပေါ့လေ၊ အဲဒါတွေကို သီးခြားဆွေးနွေးနိုင်ဖို့ အစိုးရနဲ့သော်လည်းကောင်း၊ တပ်နဲ့သော်လည်းကောင်း၊ အစိုးရနဲ့ တပ်ပေါင်းပြီးသော်လည်းကောင်း၊ EAOတွေနဲ့ သီးခြားဆွေးနွေးဖို့ဖြစ်လာတယ်။

ပြောမယ်ဆိုရင်တော့ JMCနဲ့ ပတ်သက်ပြီ‌တော့ သီးခြားမော်နီတာလုပ်နိုင်ဖို့ပေါ့လေ၊ အပစ်အခတ်တွေမရှိအောင်၊ တပ်ပိုင်းဆိုင်ရာဖြစ်တဲ့ တပ်နေရာချထားရေးတို့၊ တပ်တွေရဲ့ လှုပ်ရှားမှုတွေ အပါအဝင် အကုန်လုံးအပေါ်မှာ အခြေခံဆွေးနွေးပြီးတော့မှ အဲဒီက ရတဲ့အနေအထားအပေါ်မှာ မော်နီတာ လုပ်လို့ရမှာ။ သတ်မှတ်ချက်မဟုတ်ရင်တောင်မှ မြေပြင်ပေါ်မှာ နှစ်ဖက်တပ်တွေရဲ့သဘောတူညီမှုမရှိသေးဘူးဆိုရင် ဘာကိုသွားမော်နီတာ လုပ်ရမလဲဆိုတာဖြစ်လာတယ်။ JMC ရဲ့ အဓိကတာဝန်ကလည်း အပစ်အခတ်အတိုက်အခိုက်မဖြစ်ရေးဘဲဆိုတော့ အဲ့ဒါက မေးခွန်းဖြစ်လာတယ်။ ဒါကိုဆွေးနွေးတဲ့အခါမှာ သီးခြားဆွေးနွေးကြမယ်ဆိုတာဖြစ်လာတယ်။ ဒါက တိုးတက်မှုတစ်ခုလို့တော့ ပြောလို့ရတာပေါ့။

မေး။ ။ အခု ၁၉ကြိမ်မြောက် JMC အစည်းအဝေးရဲ့ အခြေအနေလေး ပြောပြပေးပါ။ တစ်ဖက်နဲ့တစ်ဖက် အခြေအတင်ဖြစ်ခဲ့တာလေးတွေလည်း ရှိတယ်ကြားတယ်။

ဖြေ။ ။ ဒါကတော့ နှစ်ဖက်စလုံးရဲ့ စိုးရိမ်ပူပန်မှုပေါ့။ တိုင်းရင်းသားတွေဖက်ကလည်း တကယ့်ထိရောက်ပြီး မြေပြင်မှာတကယ်လက်တွေ့ကျတဲ့ စောင့်ကြည့်ရေးတွေကို ဖြစ်ပေါ်စေချင်တာပေါ့။ အခုလက်ရှိ JMCအနေနဲ့ကတော့ များသောအားဖြင့် ရုံးလုပ်ငန်းတွေကများနေပြီး မြေပြင်ကွင်းဆင်းနိုင်တဲ့အနေနအထားမှာက အားနည်းနေတယ်။ နောက်ပြီး အရပ်သားစောင့်ကြည့်ရေးတွေ ပါဝင်လာနိုင်ဖို့ပေါ့၊ ဒါကလည်း ဆွေးဆွေးနွေးတာတော့ ရှိတာပေါ့။ EAOတွေဖက်ကလည်း ဒါကို ပိုပြီး ပီပီပြင်ပြင်ဖြစ်စေချင်တဲ့ဆန္ဒရှိတယ်။ ဒီအပေါ်မှာ နှစ်ဖက်စိုးရိမ်ပူပန်မှုပေါ်မှာ မူပြီး အခြေအတင်လေးတွေ ဖြစ်ကြတယ်။

ပြည်နယ်အဆင့်စောင့်ကြည့်ရေးတွေကို တပ်မတော်ဖက်ကတော့ တစ်ခါတည်းပြည်ထောင်စုအဆင့်ပြီးတာနဲ့ လုပ်သွားချင်တယ်။ တစ်ဖက်မှာ တိုင်းရင်းသားတွေဖက်ကတော့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး ယန္တယားတွေမှာ ပီပီပြင်ပြင်လုပ်သွားချင်တယ်။ လက်တွေ့ကျတဲ့ ယန္တယားတွေကို တည်ဆောက်သွားချင်တယ်။ ပြောမယ်ဆိုရင်တော့ ပြည်နယ်အဆင့်ဆွေးနွေးပွဲတွေ စလုပ်ဖို့အတွက်က ကျနော်တို့တိုင်းရင်းသားတွေဖက်က အဆင်သင့်မဖြစ်သေးဘူး။ ဆိုလိုတာက ကျနော်တို့ဖက်ကလည်း ဒီရလာဒ်တွေကို မူတည်ပြီးတော့မှ ပြောင်းလည်းမှုကိုဖြစ်စေချင်တာ။ အပစ်အခတ်စောင့်ကြည့်မှုယန္တယားက ပြည်နယ်အဆင့်မှာ အဓိကကျတယ်လို့ထင်တယ်။ အောက်ခြေအဆင့်တွေနဲ့ပေါင်းစပ်ပြီး အမြဲတမ်းဒုက္ခတွေရောက်နေတဲ့ လူထုတွေအပါအဝင် ပူးပေါင်းလာနိုင်ဖို့အတွက်ပေါ့။

မေး။ ။ JMC မှာ ပြဿနာတွေ ဖြေရင်းရတယ်။ ဘယ်လိုပြဿနာတွေက အများဆုံးဖြစ်မလဲ။ ဘယ်လိုကြောင့် ဒီလိုပြဿနာတွေကို ပေါ်ပေါက်စေခဲ့သလဲ။

ဖြေ။ ။ JMC ယန္တယားတည်ဆောက်တဲ့နေရာမှာလည်း ပြောကြတာရှိပါတယ်။ ဆုံးဖြတ်ချက်တွေချတဲ့အခါ ပူးတွဲ မဆန်ဘူး၊ ပူးပေါင်းမှုလို ဖြစ်သွားတယ်ဆိုပြီးတော့။ နောက်တစ်ခုက တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲတွေနဲ့ တပ်နှစ်ခုကြားမှာ နားလည်မှုပေါ့၊ နယ်မြေခြားထားတာပဲဖြစ်ဖြစ်၊ တပ်နေရာချထားတာပဲဖြစ်ဖြစ် ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားနိုင်တယ်ဆိုတဲ့ အခန်း (၇)လိုဟာမျိုးမှာဖြစ်ဖြစ် တပ်နှစ်ခုကြားမှာက ငြိမ်နေ ကြဖို့လိုတယ်။ အဓိကသဘောတူညီချက်ရမှပဲ အဲဒီသဘောတူညီချက်အပေါ်မှာမှ မော်နီတာလုပ်တဲ့အဖွဲ့အစည်းက လုပ်လို့ရမှာပေါ့လေနော။

မေး။ ။ NCA မှာပါတဲ့ စကားလုံးတွေရဲ့အဓိပ္ပါယ်ကိုလည်း နားလည်မှုလွဲနေကြတာလည်း ရှိတယ်လို့ သိရတယ်။ ဘယ်လိုဟာမျိုးတွေဖြစ်မလဲ။

ဖြေ။ ။ ပြောမယ်ဆိုရင်တော့ အဓိပ္ပါယ်နဲ့ပတ်သက်ပြီး အခုထက်ထိမလုပ်နိုင်သေးတာက အပစ်အခတ်ရပ်နယ်မြေတို့လို စကားလုံးတွေပေါ့။ ဒါကလည်း တပ်ပိုင်းဆိုင်ရာတွေနဲ့ ထိစပ်နေတဲ့အပိုင်းတွေ ရှိတယ်။ နောက်ပြီး နှစ်ဖက်စဉ်းစားစရာဖြစ်နေတဲ့ဟာတွေလည်း အများကြီးရှိနေတယ်။ ဒါတွေက ဆွေးနွေးပွဲတွေကတဆင့် ညှိနှိုင်းသွားရမှာ့ပေါ့။

မေး။ ။ အထက်မှာလည်း JMCရဲ့ တည်ဆောက်ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး ပြောခဲ့တာလည်း ရှိတော့ လေ့လာသုံးသပ်သူတွေရဲ့ ဝေဖန် JMC ရဲ့ဖွဲ့စည်းပုံမှာ လက်ရှိအာဏာရပါတီရဲ့ အစိုးရအဖွဲ့ကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ JMC မှာ ပါဝင်လာရင် ပိုကောင်းမလားဆိုတဲ့ ယူဆချက်ပေါ့ခင်ဗျ။ ဘယ်လိုသုံးသပ်ချင်ပါသလဲ။

ဖြေ။ ။ စစချင်းစဉ်းစားတဲ့အခါ ရွေးကောက်ပွဲရလာဒ်နဲ့ အစိုးရသစ်တက်လာတဲ့အနေအထား၊ သူတို့တာဝင်မယူခင်လေးမှာတော့ ပါလာပါသေးတယ်၊ လျှပ်စစ်ဝန်ကြီးတို့ဘာတို့ပေါ့။ နောက်ပိုင်း NLDအစိုးရတက်လာပြီးနောက်ပိုင်းမှာတော့ သီးခြားလိုဖြစ်သွားတယ်လေ။ ဖြစ်သွားခြင်းအကြောင်းကလည်း တပ်ပိုင်းဆိုင်လို့ ပြောတဲ့အခါကျကြတော့ အစိုးရကလည်း တပ်ပိုင်းဆိုင်ရာကလည်း လုပ်ပါဆိုတဲ့ သူတို့ရဲ့သဘောထားနဲ့သွားတယ်ဆိုတော့ အခုလောလောဆယ်တော့ အာဏာရပါတီအစိုးရဖက်ကတော့ မပါဝင်ဘူးပေါ့။ တကယ်လို့ JMCမှာ အာဏာရပါတီကို ကိုယ်စားပြုမယ့်သူ ပါဝင်နိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ မြိုင်ဆိုင်တာပေါ့။ ဘာလို့လည်းဆိုတော့ တပ်မတော်နဲ့ အစိုးရကြားမှာလည်း ပိုပြီးတော့ အချင်းချင်းနားလည်မှုပိုကောင်းလာမယ်။ နှစ်ဖက်ကြားမှာ ပိုပြီး စုစည်းမှုပိုခိုင်မာလာနိုင်မယ်ပေါ့။ တကယ်တမ်းဖြစ်လာနိုင်မယ်ဆိုရင် ပါလာနိုင်မယ်ဆိုင်ရင် ကောင်းတာပေါ့နော်။

မေး။ ။ JMCတို့၊ UPDJC တို့ဆိုတာ NCAအရ ဖြစ်ပေါ်လာတဲ့ ကော်မတီတွေပေါ့နော်။ ဆိုတော့ JMC မှာ ဖြေရှင်းဖို့ခက်လာတဲ့ ပြဿနာတွေဟာ JICM ကိုသွားတယ်ပေါ့။ ဒါပေမယ့် ကျနော်သိချင်တာက JMC နဲ့ UPDJC ပူးပေါင်းပြီးတော့ ဘယ်လိုပြဿနာတွေကို ဖြေရှင်းလို့ရနိုင်သလဲ။

ဖြေ။ ။ ခုလောလောဆယ်ကတော့ UPDJC နဲ့ ဖြေရှင်းဖို့ဆိုတာတော့ TORအရတော့ မရှိဘူးပေါ့နော်။ ဖြေရှင်းရခက်လာရင် JICM မှာပဲ နောက်ဆုံးဖြတ်ချက်ရှိတာပေါ့နော်။ တချို့ကိစ္စတွေက UPDJCနဲ့ ပူးပေါင်းဖြေရှင်းလို့ရစေဦးတော့ TORအရ ဒီအတိုင်းပဲ သွားရမယ်ဆိုတာဖြစ်နေတာ။

မေး။ ။ နောက်တစ်ခုကတော့ JMCအနေနဲ့ အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်မှုအပြင် မြေမြှုပ်မိုင်းတွေ ရှင်းလင်းရေးကိစ္စတွေလည်း ရှိနေတယ်။ ဆိုတော့ မြေမြှုပ်မိုင်းကိစ္စကို ဘယ်လောက်အတိုင်းအတာအထိ ဆွေးနွေးဖြစ်ပါသလဲ။

ဖြေ။ ။ ပြည်ထောင်စုဆုံးဖြတ်ချက်တွေမှာတော့ ရှိပါတယ်။ EAO တွေဖက်ကတော့ အဲဒါက အချိန်မရောက်သေးဘူး။ ဒါတွေက နိုင်ငံရေးဆွေးနွေးပွဲနဲ့ အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်တာတွေက ဆက်စပ်နေပါတယ်။ ဒီနှစ်ခုက မျဉ်းပြိုင်နှစ်ခုလိုသွားနေပြီး တစ်ဖက်က တိုးတက်လာတာနဲ့ဒီဖက်က ယုံကြည်မှုရှိလာတာနဲ့ အကုန်အဆင်ပြေသွားဖို့လိုပါတယ်။ EAO တွေအနေနဲ့က ဒီနိုင်ငံရေးဆွေးနွေးမှုရလာဒ်တိုးတက်လာတာနဲ့ အဆင့်တစ်ခုရောက်သွားရင်၊ ကိုယ့်အတွက် လုံခြုံရေးစိတ်ချရတယ်ဆိုတဲ့ အခြေအနေရောက်သွားရင် ဒီမြေမြှုပ်မိုင်းရှင်းလင်းတွေက စလုပ်ဖြစ်မှာပေါ့။ လောလောဆယ်ကတော့ မလုပ်နိုင်သေးဘူးပေါ့။ ပြောခဲ့၊ ဆွေးနွေးခဲ့တာတော့ ရှိပါတယ်။

Photo: Hninn Ko

မေး။ ။ Covid ကာလအတွင်း KNUအပါဝင် RCSSရဲ့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေကို တပ်မတော်က တားဆီးဖျက်ဆီးတာတွေ ရှိခဲ့တယ်လို့ ကြားသိရပါတယ်။ JMCကို တိုင်စာတွေရောက်တယ်လို့လည်း ကြားတယ်။ ဘယ်လိုဖြေရှင်းခဲ့သလဲ။

ဖြေ။ ။ အောက်ခြေမှာ ညှိနှိုင်းလို့ရတာတွေလည်း ရှိတယ်။ တချို့နေရာတွေက ညှိလို့မရတာတွေလည်း ရှိတယ်။ ဒီအခြေအနေမှာတော့ အစိုးရအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် တစ်ကမ္ဘာလုံးတစ်ပြည်လုံးနဲ့ ပတ်သက်လာတဲ့အနေနအထားဆိုတော့ ကြားကာလရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ လုပ်သွားနိုင်မယ်ဆိုရင် ကြားကာလအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုက ပေါ်လာမယ်၊ အဲဒီကစပြီး နောက်ပိုင်း ကြားကာလအစီအစဉ်ကဏ္ဍမှာ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ညှိနှိုင်းဆောင်းရွက်သွားနိုင်မယ်ဆိုတာ ဖြစ်လာနိုင်တယ်။ အခုကတော့ ရပ်လိုက် ညှိလိုက်နဲ့ လုပ်လို့ရတာတွေ လုပ်နေရတယ်ဆိုတာမျိုးပဲ ရှိပါတယ်။

မေး။ ။ အခု JMC ရဲ့ သက်တမ်းတစ်လျှောက်မှာ တကယ့်ကိုအောင်အောင်မြင်မြင်နဲ့ ဖြေရှင်းနိုင်ခဲ့တာရှိရင် တစ်ခုလောက် ပြောပြပေးပါ။

ဖြေ။ ။ အဲဒါက နည်းနည်းလေးတော့ ပြောရခက်ခဲတယ်။ အောင်အောင်မြင်မြင်ဆိုတာထက်ကို လောလောဆယ်တော့ ဘာမှ မလုပ်နိုင်ဘူးလို့ပဲ ပြောရမှာပေါ့။ တစ်ခုလုံးနဲ့ဆိုင်နေတာကိုး၊ လက်တွေ့လုပ်နိုင်တဲ့အပိုင်းပေါ်မှာ အဓိကကျနေတာလေ။ ခုနက ပြောသလို လက်တွေ့ကြပြီး ထိရောက်တဲ့ အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်တဲ့ အဖွဲ့အစည်းတွေ၊ ကော်မတီတွေဖြစ်လာဖို့ဆိုတာလည်း လက်တွေ့ကျတဲ့ ဖွဲ့စည်းပုံနဲ့ လက်တွေ့ကျတဲ့ လမ်းညွှန်တွေ လိုအပ်ပါတယ်။ဒါတွေကို အဓိကထား ဆွေးနွေးနေရတာပါ။

မေး။ ။ အောင်မြင်တဲ့ ဖြေရှင်းမှုမေးပြီးတဲ့အခါ တစ်ဖက်မှာလည်း ခက်ခက်ခဲခဲဖြေရှင်းရမယ့် ကိစ္စရပ်တွေရှိရင် ပြောပြပေးပါ။

ဖြေ။ ။ လောလောဆယ်တော့ မြေပြင်မှာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားနေတဲ့‌ နေရာတွေပေါ့။ ညှိနှိုင်းဖို့တော့ လိုတယ်။ အဓိကအားဖြင့် တပ်တပ်ချင်း ညှိနှိုင်းဖြေရှင်းနိုင်မယ့် ယန္တယားတစ်ခုလိုအပ်တယ်။ တပ်နယ်မြေဆိုင်ရာပဲဖြစ်ဖြစ် တပ်လှုပ်ရှားမှုမှာပဲ ဖြစ်ဖြစ် ဒါတွေကို နှစ်ဖက်ကြားမှာ သဘောတူညီချက်ရှိမယ်။ ပြီးတော့ တချို့အပစ်အခတ်ရပ်ဇုန်တွေမှာ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်မယ့်အခင်းအကျင်းတွေ ဖြစ်လာဖို့ လိုတာပေါ့။

မေး။ ။ အခု ၁၉ကြိမ်မြောက်အစည်းအဝေးကနေ ဘယ်လိုရလာဒ်မျိုးတွေ ရခဲ့လဲ။

ဖြေ။ ။လောလောဆယ်တော့ ရလာဒ်ထူးထူးထွေတော့ မရှိဘူး။ အဲဒီရလာဒ်တွေရနိုင်ဖို့အတွက် ပြန်ပြီးဆွေးနွေးရမှာတွေ ရှိတယ်။ ဆွေးနွေးတယ်ဆိုတဲ့အပိုင်းမှာလည်း နှစ်ဖက်တွေ့ဆုံတဲ့ အစီအမံတွေနဲ့ အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်တဲ့လုပ်ငန်းတွေကို ဘယ်လိုတစ်ပြိုင်တည်းသွားနိုင်မလဲဆိုတာကို ဆွေးနွေးရမှာပါ။ ဘယ်လိုအပြိုင်သွားမလဲဆိုတဲ့ အမြင်ပေါ်မှာ နှစ်ဖက်က မတူနေဘူး၊ ဒါကိုညှိနှိုင်းရမယ့်အခြေအနေဖြစ်ပါတယ်။

မေး။ ။ JMC မှာ ပါတဲ့ တပ်ဖက်နဲ့ အရပ်ဖက်က တင်ပြဆွေးနွေးချက်တွေအပေါ် EAOကိုယ်စားပြုအနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။ အရင်က ဒီလိုပူးပေါင်းဆောင်ရွက်ရတာမျိုးက မရှိခဲ့တော့လေ။

ဖြေ။ ။ တစ်ဖက်နဲ့တစ်ဖက် နောက်ခံအကြောင်းအရာတွေက မတူကြတော့ စိုးရိမ်ပူပန်မှုတွေ ရှိကြတယ်။ ဒီလိုစိုးရိမ်ပူပန်မှုကို ဘယ်လိုလျော့ချမလဲဆိုတဲ့ ဆွေးနွေးချက်တွေတော့ ရှိတယ်။ ဒါပေမယ့်လည်း တခါတလေမှာ လျော့ချနိုင်တဲ့အဆင့်ထိမရှိခဲ့ဘူး။ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြဖို့တော့ လိုသေးတာပေါ့။ တကယ်တမ်းထိရောက်တဲ့ ယန္တယားတွေပေါ်လာမယ်ဆိုရင်တော့ ဒါတွေက ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။ အဓိကတော့ အပြန်အလှန်ယုံကြည်မှုအဆင့်က တက်လာဖို့ လိုတာပေါ့။ ဒီအခြေအနေမှာပဲ ရှိပါတယ်။

မေး။ ။ JMCကို ရှေ့ဆက်သွားဖို့အတွက် ဘယ်လိုအရာတွေ ပြင်ဆင်ဖို့လိုပါသလဲ။ ဘာလို့လဲဆိုတော့ JMC အနေနဲ့ နှစ်နှစ်နီးပါး ရပ်တန့်ခဲ့ဖူးတဲ့ သင်ခန်းစာလည်း ရှိထားတော့လေ။

ဖြေ။ ။ လောလောဆယ်တော့ တိုက်ပွဲတွေလည်း ပြန်ဖြစ်လာတာ တွေ့ရတော့ လက်နက်နဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားပြီးတော့ အခန်း (၇)ကို ပြန်လည်ဆွေးနွေးသုံးသပ်ဖို့လိုသလို အခန်း(၃)၊အခန်း(၄)က တပ်ပိုင်းဆိုင်ရာတွေကိုလည်း ဆွေးနွေးဖို့လိုနေတယ်။ မြန်မြန်ဆွေးနွေးနိုင်လေလေ မြန်မြန်ကောင်းလေပဲ။ ပထမဆုံးအဆင့် တာတိုအနေနဲ့ တိုက်ပွဲမဖြစ်နိုင်အောင် ထိပ်တိုက်ရင်ဆိုင်မှု ရှောင်ရှားကြဖို့လို့ပါတယ်။ ပြီးရင်တော့ စစ်ဖက်ဆိုင်ရာဆွေးနွေးပွဲတွေ လုပ်ရမှာပေါ့။ တပ်နေရာချထားရေးတို့၊ ကင်းလှည့်တာတို့ကအစပေါ့။

မေး။ ။ ၂၁ရာစုပင်လုံမှာဆိုရင် လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို သဘောတူညီမှုရရှိထားတာ မရှိသေးဘူး။ ဆိုတော့ JMC မှာရော စစ်ဖက်ဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးတဲ့အခါ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲ။

ဖြေ။ ။ တစ်ဖက်နဲ့တစ်ဖက် နယ်မြေသတ်မှတ်မှုမှာ တော်တော်ကြီးကို စိန်ခေါ်မှု ရှိနေတယ်။ တပ်မတော်အနေနဲ့လည်း သူက တစ်ပြည်လုံးမှာ သူကလုပ်ကိုင်ခွင့်ရှိတယ်၊ ကာကွယ်ရေးက သူ့တာဝန်၊ ဘယ်နေရာမဆို သူသွားလို့ရတယ်ဆိုတဲ့ ခံယူချက်က ရှိနေတယ်။ ဒီဖက်မှာကလည်း ကျနော်တို့နယ်မြေက ပျောက်ကြားတွေဖြစ်တဲ့အတွက်ကြောင့် အမြဲတမ်းလှုပ်ရှားနေတဲ့ နေရာတွေပဲ။ အဓိကတော့ အစောကပြောတဲ့ အပစ်အခတ်ရပ်နယ်မြေဆိုတာ ဘယ်နေရာလဲဆိုတာ အဓိပ္ပါယ်ဖွင့်ဖို့လိုသလို တကယ်တမ်းလည်း အကောင်အထည်ဖော်လို့ လိုပါတယ်။

မေး။ ။ ဒါတွေက NCAနောက်ဆက်တွဲ ပြဿနာတွေလို့ ပြောရမလား။ ဒီစကားလုံးအဓိပ္ပါယ်တွေ၊ နယ်မြေသတ်မှတ်ရေးဆိုတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်တွေအနေနဲ့ ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီလား၊ ဘယ်လိုရှုမြင်ပါသလဲ။

ဖြေ။ ။ ဒါတွေကလည်း နှစ်ဖက်ရဲ့ စိုးရိမ်မှုတွေက လာတာပဲ။ အစိုးရကလည်း ရွေးကောက်ပွဲက နီးလာတော့ အဆင့်တစ်ခုမှာ လက်မှတ်အရင်ထိုးပြီးမှ တစ်ဆင့်ချင်းတက်သွားမယ်ဆိုတဲ့ အယူအဆပေါ့။ တချို့နေရာတွေမှာက နှစ်ဖက်အကြားမှာ အသေးစိတ်မဆွေးနွေးခဲ့ရတာတွေရှိတယ်လေ။ အခုပြဿနာဖြစ်နေတာလည်း ဒီနှစ်ဖက်အကြားမှာပါပဲ။ ကျနော်တို့(KNU)ဥက္ကဌအနေနဲ့လည်း နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံကိုရော၊ တပ်ချုပ်ကြီးကိုရော စာရေးပို့ခဲ့တာရှိတယ်။ အဓိကတော့ မြေပြင်မှာ ဖြစ်နေတာနဲ့ NCA မှာထည့်ခဲ့တဲ့ စာအရေးအသားတွေမှာ ဝိဝါဒကွဲပြားမှုတွေရှိနေတဲ့အကြောင်းပေါ့။ ဒါကို ပြန်ပြီး စိစစ်ဖို့ပေါ့။ ဒါက တကယ်လိုအပ်ပါတယ်။

မေး။ ။ ဒေသခံလူထုအပါအဝင် ထိပ်ပိုင်းက အကြီးအကဲတွေအထိ သိစေချင်တဲ့ JMCနဲ့ပတ်သက်တဲ့ အကြောင်းအရာရှိရင် ဖြည့်စွက်ပြောပေးပါ။

ဖြေ။ ။ အထူးသဖြင့် JMCနဲ့ပတ်သက်ပြီး ပြည်နယ်အဆင့်မှာပဲ အဓိကအလုပ်လုပ်ရမှာဖြစ်တယ်။ တပ်ချင်းတပ်ကြားမှာ သီးခြားတွေ့ဆုံနိုင်တဲ့ ယန္တယားတွေ၊ လက်တံတွေ ဖြန့်ထားဖို့လိုတယ်။ အဲဒီအောက်မှာမှ JMCဆိုတာ သီးခြားဖွဲ့စည်းနိုင်ဖို့၊ စောင့်ကြည့်ဖို့ဆိုတာကို သီးသီးသန့်သန့်လုပ်နိုင်ဖို့ဆိုတာ ဖန်တီးရမယ်။ ပြောချင်တာကတော့ စစ်ရေးဆိုင်ရာဆုံးဖြတ်ချက်တွေ၊ သဘောတူညီချက်တွေ ရပြီးတော့မှပဲ စောင့်ကြည့်တဲ့သူက စောင့်ကြည့်နိုင်မှာလေ။ အဲလိုမှမဟုတ်ရင် စောင့်ကြည့်တဲ့သူက ဘာကို သွားစောင့်ကြည့်ရမလဲ။

ဥပမာ-ဖာပွန်မှာ တပ်မတော်က လမ်းဖောက်တဲ့ကိစ္စဆိုရင်လည်း တစ်ဖက်ကလည်း လမ်းဖောက်ခြင်းကို နှစ်ဖက်သဘောတူညီချက်ယူရမယ်ဆိုတဲ့သဘောရှိတယ်။ တစ်ဖက်ကလည်း အကြောင်းကြားတယ်လို့ ပြောတယ်။ အကြောင်းကြားရုံနဲ့မပြီးဘူး၊ နှစ်ဖက်သဘောတူညီချက်နဲ့ ဖောက်ပါဆိုတာမျိုးပေါ့။ ဒီလိုအခြေအနေမျိုးမှာ အရင်ဆုံးတပ်နှစ်ခုကြား အရင်ဆုံးညှိနှိုင်းတဲ့ယန္တယားကနေ သဘောတူညီချက်အပေါ်မှာ စောင့်ကြည့်တဲ့သူက စောင့်ကြည့်လို့ ရမယ်လေ။

အခုက အရပ်သားကိုယ်စားလှယ်တွေကို နှစ်ဖက်အကြားထားပေမယ့်လည်း သူ့လူ ကိုယ့်လူဆိုတဲ့ သံသယက ရှိနေပြန်တယ်။ ဒါကြောင့် လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် အစီအစဉ်တွေ၊ ယန္တယားတွေလိုနေမှာပဲ။

အခုလို အချိန်ပေးပြီး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

နှင်းကို (BNI-MPM) – တွေ့မေးသည်။

ယခုအင်တာဗျူးကို https://www.mmpeacemonitor.org/3632 တွင်လည်း ဖော်ပြပြီး ဖြစ်ပြီး သွားရောက်ဖတ်ရှုနိုင်ပါသည်။

စစ် ၊ ငြိမ်းချမ်းရေးနှင့် Covid – 19

နှင်းကို (BNI – MPM) – ရေးသည်။

မြန်မာနိုင်ငံသည် ကိုဗစ်နှင့် စစ်ကို တစ်ပြိုင်တည်း ရင်ဆိုင်နေရသည်။ တစ်ဖက်တွင် ရပ်တန့်တစ်ဆို့နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ရှိနေပြန်သည်။ ကမ္ဘာ့နိုင်ငံတော်တော်များများတွင်လည်း အလားတူ အခြေ အနေမျိုး ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ကိုဗစ် ( Covid-19) ၊ ပြည်တွင်းစစ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ ကိန်းဂဏန်းများကို စေ့ငုလေ့လာကြည့်ကြပါစို့။

ကမ္ဘာတစ်ဝှမ်း စစ်ပွဲများ၊ ပဋိပက္ခများကို အချက်အလက်ကောက်ယူ သုတေသနပြုလျက်ရှိသော Acled Data ၏ နေ့စဉ်ဖော်ပြချက်အရတော့ ကိုဗစ်ကာလအတွင်း ကမ္ဘာ့နိုင်ငံအများစု၏ စစ်ပွဲဖြစ်ပွားမှုကိန်းဂဏန်းများ လျော့ကျ လာသည်ကို ယေဘုယျအားဖြင့် တွေ့ရသည်။ သို့သော်လည်း အချို့သော နိုင်ငံများ၏ စစ်အရှိန်က မြင်တက် နေဆဲဖြစ်သလို စစ်အရှိန် မလျော့ဘဲ မတက်ဘဲ ပုံမှန်စစ်ဖြစ်နေသည့် နိုင်ငံများကိုလည်း တွေ့ရပါသည်။ မြန်မာ နိုင်ငံ၏ ပြည်တွင်းစစ်အရှိန်သည်လည်း မလျော့ဘဲ၊ မတက်ဘဲ အခြေအနေတွင်ပင် ရှိနေသည်ဟု ဆိုရပါမည်။

Covid – 19 ကာလအတွင်း တပ်မတော်နှင့် တိုင်းရင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွား နေဆဲဖြစ်သည်။ BNI – Myanmar Peace Monitor ၏ နေ့စဉ်စောင့်ကြည့်မှုအရတော့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော KNU၊ RCSS/SSAနှင့် တပ်မတော် အကြား တိုက်ပွဲဖြစ်ပွားခဲ့သလို NCA လက်မှတ်မထိုးထားသည့် KNPP ၊ TNLA ၊ SNA ၊ ULA/AAနှင့် တပ်မတော် အကြားလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထို့အပြင် တပ်မတော်နှင့် ARSA တို့ အကြားလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါ သည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် စစ်ဒဏ်သင့် မြေဇာပင်များ

BNI – Myanmar Peace Monitor၏ နေ့စဉ်သတင်းစောင့်ကြည့်မှုမှတ်တမ်းအရ တိုက်ပွဲဖြစ်ပွားမှုရက်များ လျော့ နည်းသွားသည်ကို တွေ့ရသော်လည်း တိုက်ပွဲဟု မမည်ဘဲ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခြင်း ၊ မည်သည့်အဖွဲ့မှ ပစ်မှန်းမသိသော ကျည်ဆံထိမှန်မှုများ၊ မြေမြှုပ်မိုင်းပေါက်ကွဲမှုများ စသည့် စစ်ပွဲ၏ ဘေးထွက် ဆိုးကျိုးကြောင့် သေဆုံးခြင်း ၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ ဖမ်းဆီးခံရခြင်း စသော မြေဇာပင်ပြည်သူများ၏ ကိန်း ဂဏန်းများကတော့ မြင့်တက်လျက်ရှိပါသည်။

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်(Covid-19)ပိုးတွေ့ရှိမှုနှင့် စစ်ကြောင့် ဖြစ်သော မြေဇာပင်ကိန်းဂဏန်းများ ကို အောက်တွင် ရှုကြည့်ပါ။

၂၀၁၉ နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ ဝူဟန်မြို့ သားရိုင်းတိရိစ္ဆာန်စျေးတစ်ခုမှာ စတင်တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်း ရပ်စ်ပိုးသည် တစ်ကမ္ဘာလုံးတွင် ကူးစပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၂၀ မတ်လ ၂၃ရက်နေ့တွင် ချင်းပြည်နယ် တီးတိန်မြို့၌ အမေရိကန်နိုင်ငံမှ ပြန်လာသူတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိခဲ့ပါသည်။ ဇွန်လ ၂ရက်နေ့တွင်တော့ မြန်မာတစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ (၂၂၈)ဦးအထိ ရှိခဲ့ပြီဖြစ်သည်။ ရောဂါသက်သာ ပျောက်ကင်းသူ (၁၁၃၈)ကျော် ရှိလာခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ (၆)ဦးရှိခဲ့သည်။

အထက်ပုံပါကိန်းဂဏန်းများသည် မတ်လ ၂၀ရက်မှ စတင်ကာ ကာလတူအချိန်တစ်ခုကို နှိုင်းယှဉ်ပြသထားခြင်း ဖြစ်ပါသည်။ တစ်ကမ္ဘာလုံးရင်ဆိုင်ကြုံတွေ့နေရသည့် ကူးစပ်မြန် ကိုရိုနာဗိုင်းရပ်စ်ပိုးကို မိမိကိုယ်တိုင် ကာကွယ် ခြင်းနည်းလမ်းဖြင့် ရှောင်လွှဲကောင်း ရှောင်လွှဲနိုင်မည်ဖြစ်သော်လည်း စစ်ပွဲဆိုသည့်အရာကတော့ မိမိဒေသ၊ မိမိ ပတ်ဝန်းကျင်အနီးတွင် ဖြစ်ပွားခဲ့ပြီဆိုပါက ရှောင်လွှဲရန် ခဲခက်ပါလိမ့်မည်။ စစ်ပွဲများကြောင့် နေရပ်စွန့်ခွာထွက် ပြေးကြရသော စစ်ဘေးရှောင်ဒုက္ခသည်များ၊ ဒဏ်ရရှိမှုများ၊ သေဆုံးမှုများနှင့် သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံကြ ရမှုများ စသည့်ကိန်းဂဏန်းများ သက်သေပင်ဖြစ်ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းမခံရဖို့ အသွားအလာကန့်သက်ခြင်း၊ မိမိအိမ်တွင်သာ နေထိုင်ခြင်း၊ မကြာခဏ ဆပ်ပြာဖြင့် လက်ဆေးခြင်း၊ နှာခေါင်းစီး စည်းခြင်း စသောနည်းလမ်းများဖြင့် နိုင်ငံနှင့်တစ်ဝှမ်းပြည်သူများ တွန်းလှန်ကာကွယ်နေချိန်တွင် စစ်ဖြစ်ပွားရာဒေသများတွင်တော့ ကိုရိုနာဗိုင်းရပ်စ်ပိုးထက် အမြှောက်သံ၊ ဗုံးသံ၊ လက်နက်ကြီးပစ်ခတ်သံများကိုသာ နားစွံ့နေကြရသည်။

တစ်ကမ္ဘာလုံး ကိုရိုးနာဗိုင်းရပ်(Covid-19)ကပ်ရောဂါဖြစ်ပွားနေချိန်တွင် စစ်ပွဲများ ရပ်တန့်ပေးရန်အတွက် ကုလ သမဂ္ဂအဖွဲ့ကြီးက တိုက်တွန်းတောင်းဆိုခဲ့သော်တည်း စစ်ပွဲများကတော့ လုံးဝရပ်တန့်သွားခြင်း မရှိခဲ့ပါ။ မြန်မာ နိုင်ငံတွင်လည်း စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါသည်။

တပ်မတော်သည် ကုလအဖွဲ့ကြီး၏ စစ်ရပ်ရေးတောင်းဆိုချက်ကို လေးစားသောအားဖြင့် အကြမ်းဖက်အဖွဲ့ အစည်းရှိရာနယ်မြေများမှအပ မြန်မာတစ်နိုင်ငံလုံးတွင် မေလ ၁၀ရက်မှ သြဂုတ်လ ၃၁ရက်အထိ စစ်ရေးလှုပ်ရှား မှုများရပ်ဆဲကြောင်း မေလ ၉ရက်နေ့တွင် ကြေညာခဲ့သည်။

သို့သော်လည်း စစ်ပွဲဆိုင်ရာကိန်းဂဏန်းများ အမြင့်ဆုံးရှိရာ၊ စစ်ပွဲအပြင်းထန်ဆုံးဖြစ်ပွားရာ ဒေသသည် အစိုးရမှ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းခံထားရသည့် ရက္ခိုင့်တပ်တော်(ULA/AA)လှုပ်ရှားရာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ဖြစ်နေပါသည်။ ထို့ကြောင့် တပ်မတော်၏ အပစ်ရပ်ကြေညာချက်သည် မြန်မာနိုင်ငံအတွင်း စစ်ပွဲ ဆိုင်ရာကိန်းဂဏန်းများကိုတော့  သိသိသာလျော့ကျသွားစေခြင်း မရှိသည်ကို တွေ့ရပါသည်။

အထူးသဖြင့် ULA/AA လှုပ်ရှားရာ ရခိုင်ပြည်နယ်မြို့နယ်များနှင့် ချင်းပြည်နယ် ပလတ်ဒေသတို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ အဆိုပါဒေသများတွင် စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရသော ပြည်သူများ၊ အသက်သေ ဆုံးမှုများ၊ ထိခိုက် ဒဏ်ရာရရှိမှုများနှင့် ဖမ်းဆီးနှိပ်စက်ခံရမှုများအပြင် စားနပ်ရိက္ခာပြတ်လပ်မှုများပါ ကြုံတွေ့နေ ကြပါသည်။ ULA/AA ပြောခွင့်ရသူကတော့ ရခိုင်ပြည်နယ်မှ ကိုရိုနာဗိုင်းရပ်စ်ပိုးနှင့် စစ်ပွဲအခြေအနေကို ယခုလို ခိုင်းနှိုင်းပြော ဆိုခဲ့ဖူးပါသည်။ (https://www. mmpeacemonitor.org/2705)

“ဒီအချိန်မှာ Covid ထက် ကျနော်တို့က မြန်မာစစ်တပ်ကိုပဲ ကြောက်ဖို့ကောင်းနေတယ်၊ ဒါကြောင့်မို့ ဒီကပ်ကို ကျနော်တို့ရခိုင်တွေ ဘယ်လိုကျော်လွှားမလဲဆိုတာကို အာရုံစိုက်ပြီးတော့ လုပ်ဆောင်နေတယ်”။

ကိုဗစ်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်

အခြားတစ်ဖက်တွင်ရှိသော Covid-19 ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ဖြစ်ပေါ်ပြောင်းလဲမှုများကို  ဆက်လက် လေ့လာကြည့်ကြပါစို့။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအတွက် KNUထိန်းချုပ်နယ်မြေအတွင်းမှ KNU၏ စစ်ဆေးဂိတ်တစ်ခုကို တပ်မတော်မှ ဝင်ရောက်ဖျက်ဆီးခဲ့သည့် သတင်း၊ RCSS/SSA တပ်ဖွဲ့ဝင်များ၏ လူမှုကူညီမှုများအား တပ်မတော်မှ တားမြစ်သည့် သတင်းနှင့် မွန်ပြည်သစ်ပါတီ၏ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးဂိတ်ကို တပ်မတော်မှ ဖိအားပေး သည့် သတင်းများကို မြင်တွေ့ကြားသိခဲ့ရသည်။ အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တပ်မတော်၊ အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော အဖွဲ့ များ ဖြစ်သည်။

အလားတူ NCA လက်မှတ် ရေးထိုးနိုင်ရေးအတွက် ဆွေး‌နွေးလျက်ရှိသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် တပ်မတော်အကြား ကယားပြည်နယ် ရှားတောမြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

အထက်ပါဖြစ်စဉ်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်တော့ လက္ခဏာကောင်းများဟု ဆိုနိုင်မည် မဟုတ် ပါ။ သို့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အပေါင်းလက္ခဏာများလည်း အောက်ပုံပါအတိုင်း တွေ့ရှိရပါ သေးသည်။

ဧပြီ ၂၇ရက်တွင် နိုင်ငံတော်သမ္မတလက်မှတ်ဖြင့် Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးခဲ့သည်။ အဆိုပါအဖွဲ့မှ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် လက်မှတ်မထိုးရသေးသော အဖွဲ့ များနှင့်ပါ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေး‌နွေးရန် ပြင်ဆင်လာခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တစ်ဖွဲ့ချင်းစီ အလိုက် Online မှ တစ်ဆင့် ဆွေးနွေးမှုများရှိလာခဲ့သလို အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း ဆွေး‌နွေးမှုများ ရှိလာခဲ့သည်။ မည်သည့်သက်ရောက်မှုမျှ မရှိနိုင်ဟု ‌ဝေဖန်စောကြောမှုများရှိခဲ့သည့် အစိုးရပူးပေါင်းဆောင်ရွက်ရေးကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွင်း အပြန်အလှန်ဆွေး‌နွေးမှုကိန်းဂဏန်းများကိုတော့ အပေါင်းလက္ခဏာ ဆောင်စေခဲ့ပါသည်။

ဝ’ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့(UWSA)၊ မိုင်းလားအဖွဲ့(NDAA)တို့နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ရှမ်းပြည်နယ် ကျိုင်းတုံတွင် တွေ့ဆုံဆွေးနွေးမှုရှိခဲ့သည်။ တပ်မတော်အနေဖြင့် KNU ၊ မွန်ပြည်သစ်ပါတီနှင့်  KNPP တို့ကို Covid -19 ကာကွယ်ကုသရေးဆိုင်ရာ အထောက်အပံ့များပေးအပ်ခဲ့သည်။ အလားတူ ကရင်လွတ် လပ်ရေးအဖွဲ့(KIO/KIA)အဖွဲ့ကိုလည်း Covid -19 ကာကွယ်ကုသရေးဆိုင်ရာ အထောက်အပံ့များပေးအပ်ခဲ့သည်။

KIO ဒုတိယဥက္ကဌ ဗိုလ်ချုပ်ဂွမ်မော်က Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် တပ်မတော်နှင့် တွေ့ဆုံမှုကို ယခုလို ပြောဆိုခဲ့ပါသည်။ (https:// www.mmpeacemonitor.org/3200)

“အခုလို နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရင်းနှင့် ဒီ Trust က ကျနော်တို့ အရှေ့ကိုဆက်သွားနိုင်မယ်လို့ မျှော်လင့်တာ ဖြစ်ပါတယ်။ ဒါ အလွတ်သဘောဆိုပေမယ့်လည်း ကျနော်တို့ရဲ့ သတင်းစကားလည်း ဖြစ်ပါတယ်”။

ထို့ကြောင့် Covid -19  ကပ်ရောဂါသည် မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ယုံကြည်မှုတည်ဆောက် ရေး ဝှက်ဖဲတစ်ချပ်ဖြစ်ခဲ့သလားဟု တွေးဆမိပါသည်။

သုံးသပ်

မည်သို့ဆိုစေ တစ်ကမ္ဘာလုံးရှိပြည်သူများကို တုန်လှုပ်ခြောက်ခြားစေသော Covid – 19 ကပ်ရောဂါကာလအတွင်း ကိုဗစ် ၊ စစ်နှင့် ငြိမ်းချမ်းရေး ကိန်းဂဏန်းများကို ရှုကြည့်ရာတွင် မြန်မာနိုင်ငံအတွက်မူ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိမှု ကိန်းဂဏန်းများထက် စစ်ဒဏ်ကြောင့် ပျက်ဆီးသွားရသော ပြည်သူများ၏ ကိန်းဂဏန်းများက ပို၍‌ တုန်လှုပ်ခြောက် ခြားစေမလားဆိုသည်က သံသယဖြစ်စရာဖြစ်နေပါသည်။

အထူးသဖြင့် စစ်ဖြစ်ပွားရာ ရခိုင်နှင့် ချင်းပြည်နယ်မှ ပြည်သူများအတွက်ဆိုလျှင် ကိုရိုနာဗိုင်းရပ်စ်ထက် စစ်၏ ဒဏ်ရာဒဏ်ချက်များက ပို၍ကြောက်မက်ဖွယ် ကောင်းနေပေလိမ့်မည်မဟုတ်ပါလား။

စစ်ပွဲတစ်ခုတွင် အပစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရကြ၊ အသက် ဆုံးရှုံးကြ၊ အိုးအိမ်များ ပျက်ဆီးကြ၊ နေရပ်စွန့် ခွာထွက်ပြေးကြဆိုသည့် အမှန်တရားများသာ အမြဲရှိနေခဲ့သော်လည်း တာဝန်ယူမည့်တရားခံကတော့ ရဖွေရ ခက်ခဲလေ့ ရှိပါသည်။

မေလ ၂၆ရက် ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက အောက်မီးလက်ဝရွာ မီးလောင်မှုဖြစ်စဉ်မှာဆိုလျှင် မီးရှို့သူ တရားခံမည်သူဆိုသည်ကို မသိရသေးပါ။ စစ်ပွဲဖြစ်နေသည့်အတွက် ရွာသူရွာသားများ ဘေးလွတ်ရာသို့ ပြေးခွာခဲ့ရ သော်လည်း ကျန်ရစ်ခဲ့သော အိမ်ခြေ ၁၂၀ ခန့်ရှိသည့် ရွာကလေး မီးလောင်ခဲ့ခြင်းဖြစ်သည်။ အောက်မီးလက်ဝ ရွာခံ ဘာသာရေးဆရာတစ်ဦးဖြစ်သူ ဦးကံလွတ်က ယခုလိုပြောဆိုထားပါသည်။ (https://bit.ly/3cg 61Sl)

“ကျနော် (မီးသတ်ကို)ဖုန်းဆက်တဲ့အခါ မီးငြှိမ်းဖို့အတွက် သူတို့လာတယ်၊ ဒါပေမယ့်သူတို့က သေနတ်နဲ့အပစ်ခံရ တယ်တဲ့၊ တယောက်မှ မလာရဲဘူးတဲ့၊ အဲဒါက ကျနော့်အတွက် လုံးဝမကျေနပ်စရာ ဖြစ်တယ်”။

နှင်းကိုသည် လူငယ်သတင်းသမားတစ်ဦးဖြစ်ပြီး BNI ၏ Myanmar Peace Monitor တွင် သုတေသနတာဝန်နှင့် အယ်ဒီတာတာဝန် ထမ်း‌ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ‌တွေ့ရှိမှုအခြေအနေ

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ‌တွေ့ရှိမှုအခြေအနေ

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ‌တွေ့ရှိမှုအခြေအနေ

မြန်မာတစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး‌‌တွေ့သူ (၆၂) ဦးရှိ ၊ ပြန်လည်သက်သာလာသူ (၂) ဦး ၊(၄)ဦး ‌သေဆုံး

မြန်မာတစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး‌‌တွေ့သူ (၂၇) ဦးရှိ ၊ ထိုအနက် ပိုးမတွေ့‌တော့သူ (၂) ဦး ရှိ ၊ (၃)ဦး ‌သေဆုံး

မြန်မာတစ်နိုင်ငံလုံးတွင်ကိုရိုနာဗိုင်းရပ်ပိုး‌‌တွေ့သူ (၂၂) ဦး ရှိ၊(၃) ဦး ‌သေဆုံး