June 18, 2021

JIS.DIGITAL

JOURNALIST – IMPARTIAL STORY

အမတ်ရူးသို့ အိတ်ဖွင့်ပေးစာ

သူငယ်ချင်း။
မင်း အမတ် သိပ်ဖြစ်ချင်နေတယ်ဆို။တစ်နေ့က ဘမောင်နဲ့ ငါဖုန်းပြောဖြစ်သေးတယ်။ မင်း… အမတ်ရူးရူးနေတယ်လို့ သူကပြောတယ်။ အဲဒါ ဟုတ်လား။ ဟုတ်ရင်လည်း ငါအပြစ်မပြောပါဘူးကွာ။

ရူးလည်း ရူးချင်စရာပဲလေ။ အမတ်မင်းတွေက တယ်လစာကောင်းသကိုးကွ။ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်အမတ်ဆိုရင်တစ်လငါးသိန်း။ပြည်ထောင်စုအဆင့်အမတ်ဆိုရင် တစ်လဆယ်သိန်းဆိုတော့ … ခေတ်ကာလက အရောင်းအဝယ်ကလည်း မကောင်း။သူများအလုပ် ဝင်လုပ်ရင်လည်း အဲဒီလောက် တွက်ခြေကိုက်ဖို့က မလွယ်ဆိုတော့ မင်းလိုတောသား၊ အမတ်ဖြစ်ချင်တယ်ဆိုတာ နားလည်ပေးလို့ရပါတယ်ကွ။

ဒါနဲ့မင်းအခု ဘယ်ပါတီဝင်ထားလဲ။ ကြံ့ခိုင်ရေးလား၊ အင်န်အယ်လ်ဒီလား၊ ဒါမှမဟုတ် တခြားပါတီလား။ အခု မင်းက ဟိုပါတီ(ပါတီနာမည်မထည့်လို)ရဲ့ ကျေးရွာဥက္ကဋ္ဌဆို။ ကြည့်လည်း လုပ်ဦးဟ။ မင်းက ပါတီဥက္ကဋ္ဌသာဆိုတယ်။ တို့ရွာမှာ အိမ်ခြေဘယ်လောက်ရှိတယ် ဆိုတာတောင် သိတဲ့ကောင်မဟုတ်ဘူး။ ကျေးရွာရဲ့ အရေးကြီးဆုံးလိုအပ်ချက်ဆိုတာကတော့ မင်းသိဖို့ဝေးရော။

တစ်နေ့က တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တစ်ယောက်နဲ့ ငါတွေ့ဖြစ်သေးတယ်ဟ။ အဲဒါ မင်းကို ပြောချင်လို့။ သူတို့ပါတီကြီးက ပါတီဝင်အင်အား သိပ်မနည်းဘူးဟ။ သူ့မေးကြည့်တေ့ာတော်တော်တော့ များတယ်၊အတိအကျတော့ ပြောလို့မရဘူးတဲ့။ ခန့်မှန်းပြီးတော့လည်းပြောလို့ မရဘူးတဲ့။ အဓိက သူနဲ့ပြောဖြစ်တာကတော့ မင်းလိုမျိုးအမတ်ဖြစ်ချင်တဲ့ အမတ်ရူးတွေ သူတို့ပါတီထဲမှာလည်း တော်တော်များဆိုပဲ။

အဲဒါ ဘယ်လောက်များလဲငါမေးကြည့်တော့ တစ်ချို့မြို့နယ်တွေမှာ တစ်မြို့နယ်တည်းဝင်ပြိုင်ချင်တဲ့ အမတ်လောင်းက ခြောက်ယောက်၊ ခုနစ်ယောက်အထိ ရှိတယ်တဲ့ဟ။

အဲဒါ သူတို့ပါတီ(ဗဟို)ကချမှတ်ထားတဲ့ မူဝါဒအတိုင်းလျှောက်လွှာတင်တဲ့ အမတ်ဖြစ်ချင်သူတွေကို မဲစနစ်နဲ့ရွေးရတယ်တဲ့။ ဘယ်လောက်ပဲ သမာသမတ်ကျကျ မဲရှုံးတဲ့သူကတော့ ဝင်ပြိုင်ခွင့်မရလို့ မကျေနပ်ကြဘူးဆိုပဲ။ အဲဒါတချို့ပါတီဝင်တွေက ပါတီက နုတ်ထွက်ကြ။ တချို့ကပါတီကို ပြန်ပြီး ဆန္ဒပြကြနဲ့၊ အဲဒီပါတီကြီး နှစ်ခြမ်းကွဲမလိုတောင် ဖြစ်နေတယ်လို့ သတင်းတွေကြားရတယ်လေ။ အဲဒါမင်းလို အမတ်ဖြစ်ချင်သူ၊ အမတ်ရူးတွေ များလာလို့ပေါ့ဟ။

ဒါနဲ့ နေစမ်းပါဦး။ မင်းက အမတ်သာ ဖြစ်ချင်တာပိုက်ဆံရောရှိရဲ့လား။ မင်းပိုင်တဲ့ လယ်နှစ်ကွက်၊ နွားနှစ်ကောင်လောက်နဲ့တော့ ရွေးကောက်ပွဲမှာ မဲရဖို့မလွယ်ဘူးနော်။ ဒံပေါက်လေးတော့ ကျွေးနိုင်မှ၊ ဓာတ်ဘူးလေး၊ ဘာလေးတော့ ပေးနိုင်မှဟ။

အမတ်မဖြစ်ခင်စပ်ကြားတော့ မင်း ငွေရင်းရမယ်နော်။ အဲဒါ တစ်နေ့က ပါတီတွင်းအမတ်လောင်းရွေးပွဲတောင် ပါတီဝင်အချင်းချင်း ထမင်းကျွေး၊ အအေးတိုက်နဲ့ အရက်၊ ဘီယာကြိုက်သူလည်း ပြုစုပေးရသေးတယ်ဆိုပဲ။ မင်းပုံနဲ့တော့ ဖြစ်မယ်မထင်ပါဘူးကွာ။ မင်းက ကပ်စေးနှဲ၊ ကော်တစ်ရာ။ မင်းအရင်က အချိုးတွေ ပြောင်းဖို့တော့လိုတယ်ကွ။

တစ်ခုတော့ သတိပေးမယ်။ အမတ်ဖြစ်ဖို့က ၃၆ကောင် ထိုးသလောက် မလွယ်ဘူးနော်ဟေ့ကောင်။ ငွေကို ဖောဖောလောလောသုံးနိုင်မှ တော်ရာကျမှာ။ ပြီးခဲ့တဲ့ ၂ဝ၁ဝရွေးကောက်ပွဲတုန်းကတော့ ကြိုတင်မဲထုတ်ကြီးတွေ ကားနဲ့တင်ပြီး ရှုံးတဲ့သူတွေကို နိုင်အောင်လုပ်ပေးတယ် ပြောတာပဲ။ အဲဒါ ငါ..သတိရလို့ ပြောတာ။မှတ်ထား။

အေး၊ အမတ်ဖြစ်သွားရင်တော့ ထောပြီဟေ့။ ဒါနဲ့မင်း..ပြိုင်မယ့်ပြိုင်တော့ တိုင်းဒေသကြီးလွှတ်တော်တို့၊ပြည်နယ်လွှတ်တော်တို့မှာတော့ မပြိုင်နဲ့ဟ။ ပြည်ထောင်စုအဆင့် အမျိုးသားလွှတ်တော်တို့၊ ပြည်သူ့လွှတ်တော်တို့မှာ ဝင်ပြိုင်ကွ။ သူတို့ကမှ တစ်လဆယ်သိန်း။ နောက်ပြီးပြီးခဲ့တဲ့နှစ်ကဆို ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဆိုလား၊ ဘာဆိုလားပဲ။ အမတ်တစ်ယောက်ကို သိန်းတစ်ထောင်တောင်ပေးတာကွ။ နောက်ပြီး ဗဟိုအစိုးရအဖွဲ့နဲ့ နီးစပ်မှုရှိတော့မင်းလည်ရင်လည်သလို အခွင့်အလမ်းလေး၊ ဘာလေးရမှာပေါ့။ ဒါပေမဲ့လည်း ဘယ်မှာပဲ အမတ်ဖြစ်ဖြစ်ပါကွာအခွင့်အရေးတော့ မင်းက ရှာတတ်ပါတယ်။ မင်းကမညံ့ပါဘူး။

အမှန်အတိုင်းပြောရရင် ငါကတော့ မင်းကို အမတ်မဖြစ်စေချင်ဘူးကွ။ မင်းက ငွေသိပ်မက်တဲ့ကောင်လေ။မင်းအကြောင်း ငါသိပါတယ်။ ငယ်ငယ်တုန်းကဆိုရင် ငါးမူး၊ တစ်ကျပ်ကအစ မင်းက အလွတ်ပေးတဲ့ကောင်မဟုတ်ဘူး။ ပြီးတော့ မင်းမှာ ငါမကြိုက်တဲ့ အကျင့်တစ်ခုရှိသေးတယ်။ မင်းအမေမီးခံသေတ္တာကို သော့အတုနဲ့ဖွင့်တဲ့ကိစ္စ။
မင်းက ကြေးနန်းကြိုးတစ်ချောင်းရှိရင် ဘယ်လိုသော့မျိုးလာလာ၊ ရအောင်ဖွင့်ပြီး ပိုက်ဆံခိုးတတ်တယ်လေ။ အဲဒါငါမကြိုက်တာပဲ။ အခုတော့ မင်း အဲလိုမလုပ်တော့ဘူးလို့ကြားပါတယ်။ ဒါပေမဲ့ ခွေးမြီးကောက်ရဲ့သဘာဝက ကျည်တောက်စွပ်လည်း ခဏပဲမဟုတ်လား။

ဒါနဲ့ မင်းက အမတ်ဖြစ်ချင်တယ်ဆိုတော့

အမတ်တစ်ယောက်ရဲ့ အလုပ်ကိုရော တီးမိခေါက်မိရှိရဲ့လား။

လွှတ်တော်ကို သွား၊ ပြောသမျှနားထောင်၊ အိပ်ချင်ရင်အိပ်၊

စနေ-တနင်္ဂနွေရုံးပိတ်တော့ ရွာပြန်ဆိုတာလောက်တော့

လာမပြောနဲ့ဟေ့ကောင်။ အဲဒါမှားတယ်။

မင်း အမတ်ဖြစ်ရင် နံပါတ်တစ် မင်းတို့အိမ်ရဲ့ လိုအပ်ချက်ကို သိရမယ်။ပြီးတော့ ရွာရဲ့လိုအပ်ချက်၊ မြို့ရဲ့လိုအပ်ချက်၊ တိုင်းနဲ့ပြည်နယ်ရဲ့ လိုအပ်ချက်၊ ပြည်ထောင်စုရဲ့ လိုအပ်ချက်တွေကိုမင်းသိအောင် ကြိုးစားရမယ်ကွ။ အထူးသဖြင့်တော့ မင်းကိုယ်စားပြုပြီး ဝင်ပြိုင်တဲ့ မဲဆန္ဒနယ်ရဲ့ လိုအပ်ချက်တွေကို သိအောင်ကြိုးစားရမယ်။ ဥပဒေတွေလိုရင် အဆိုပြုရမယ်။ ပြည်သူတွေအတွက် တောင်းဆိုစရာရှိရင်တောင်း
ဆိုပေးရမယ်။ လွှတ်တော်ထဲ သွားထိုင်ပြီး အိပ်ငိုက်လိုက်၊လက်ဖက်ရည်သောက်လိုက်တော့ သွားမလုပ်နဲ့ဟေ့ကောင်။ လွှတ်တော်အမတ်ရဲ့တာဝန်က ပေါ့တော့တော့ မဟုတ်ဘူးကွ။

တစ်နေ့က ဝါရင့်နိုင်ငံရေးသမားကြီးတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူက အသက် ၇ဝ ပြည့်လုဆဲဆဲပေါ့။ သူတို့ပါတီကလည်း သူ့ကိုရွေးကောက်ပွဲမှာ ဝင်ပြိုင်စေချင်တယ်။ အဲဒါနဲ့ သူကလည်း ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တယ်တဲ့။ အဲဒါ သူ့သားက သူ့ကိုပြောတဲ့စကားလေး သဘောကျလို့ မင်းကိုပြန်ပြောပြချင်တာ။ ”အဖေ… အသက်လဲကြီးပြီ။ နားနားနေနေနေပါဗျာ။ မဲဆန္ဒနယ်တစ်ခုကို ယူရမယ့် တာဝန်ဆိုတာ နည်းတာမဟုတ်ဘူး။ အဖေ့ကိုရွေးတဲ့သူတွေအတွက် အဖေ့မှာ တာဝန်ိတယ်”တဲ့။

အဲဒါ သူ့သားစကားကိုဝါရင့်နိုင်ငံရေးသမားကြီးကပြုံးပြီး ခေါင်းညိတ်တယ်တဲ့။ အမတ်တစ်ယောက်ရဲ့ တာဝန်ဆိုတာကို သူကသိပ်သဘောကျတယ်ဆိုပဲ။ တလောကလက်ရှိလွှတ်တော်အမတ်တစ်ဦးနဲ့အတူ ရခိုင်ပြည်နယ်ထဲက မြို့နယ်တစ်ခုကို ဟောပြောပွဲသွားတော့၊ အဲဒီရွာက ဘုန်းတော်ကြီးက လက်ရှိလွှတ်တော်အမတ်ကို ”မင်းက ဒီမြို့နယ်ကလွှတ်တော်အမတ်လား။ လာပါဦး။ မင်းကို မမြင်ဖူးလို့”ဟု ဆိုသတဲ့။

ပြောချင်တာက အခုလွှတ်တော်အမတ်ဖြစ်နေတဲ့ သူတွေထဲက တော်တော်များများကို သူတို့မဲဆန္ဒနယ်က ပြည်သူတွေက မမြင်ဖူးဘဲဖြစ်နေကြတာ။ ဒီလိုဆိုတော့ အဲဒီပြည်သူတွေရဲ့ နေ့စဉ်လိုအပ်ချက်တွေ၊ ဆန္ဒတွေကို အမတ်မင်းတို့ ဘယ်သိနိုင်ပါ့မလဲကွ။ ခက်တာက မင်းကလည်းအကြားအမြင်ရထားတဲ့သူမဟုတ်တော့ တကယ်လို့များ အမတ်မင်းတွေ၊ ဘာတွေ ဖြစ်သွားခဲ့ရင် ကိုယ့်ပြည်သူကိုတော့ ပြန်ကြည့်ပါကွာ။ အထူးသဖြင့် မင်းတို့၊ ငါတို့လိုတောသူ၊ တောင်သားတွေရင်ဆိုင်နေရတဲ့ ပြဿနာတွေကို မင်းသိပါတယ်။

ရွာမှာဆိုရင် လျှပ်စစ်မီးမရလို့ ဒီဇယ်ထည့် မီးစက်မောင်းသူကမောင်း၊ တစ်လစာ ဖယောင်းတိုင်းဝယ်ထားသူကဝယ်။ လျှပ်စစ်မီးဆိုလို့ မင်းတို့ရွာနားက သုံးပတ်လည်(ရွာ)သားတွေအကြောင်း မင်း ကြားဖူးလား။ မိတ္ထီလာ ရောက်တုန်း တန်ဆောင်တိုင်ပွဲနဲ့ကြုံတော့ သုံးပတ်လည်သားများက ဘာလုပ်တယ်မှတ်လဲ။ ကန်ပေါင်တစ်လျှောက်ထွန်းထားတဲ့ လျှပ်စစ်မီးတိုင်တွေကို တစ်တိုင်ပြီးတစ်တိုင်လိုက်ကြည့်သတဲ့ကွာ။ လျှပ်စစ်မီးကို မမြင်ဖူးပုံ ပြောပါတယ်။ နောက်တော့ သုံးပတ်လည်သားများ မီးကြည့်တယ်လို့ပြောရင် သူတို့တော်တော်နာဆိုပဲ။ မင်းတို့ရွာက ကိုလှတင်ကြီးဆိုရင် ကျောက်ပနားရွာအနောက်ဘက်က ကွန်ကရစ်တိုင်အပုံကြီးတွေမြင်တိုင်း တောက်ခဏခဏခေါက်လေ့ရှိသတဲ့။

ထားပါတော့။ နောက်တစ်ခု မင်းကို ပြောဖို့ကျန်သေးတယ်ဟ။ အဲဒါက မင်းလိုမျိုး တောင်သူတွေအတွက် အရေးကြီးတယ်။ တစ်ပြည်လုံးက တောင်သူတွေ လယ်သိမ်းခံနေရတဲ့ကိစ္စ။ အဲဒါ အခုအမတ်တွေကတော့သူတို့လက်ထက်အတွင်း ဖြေရှင်းပေးနိုင်ဖို့မလွယ်တော့လို့ လက်မြှောက်လိုက်ကြပြီ။ အဲဒါ မင်းများ .. လွှတ်တော်အမတ်ဖြစ်ရင်မြန်မြန်ဖြေရှင်းပေးလိုက်စမ်းပါကွာ။

အေး တစ်ခုတော့ သတိပေးလိုက်မယ်ဟေ့။ မင်း..ခရိုနီဆိုတဲ့ သူဌေးတွေနဲ့ ပေါင်းပြီး လယ်သမားတွေ၊ အလုပ်သမားတွေကိုတော့ မနှိပ်စက်မိပါစေနဲ့။ တို့ရွာမှာ အမတ်ဖြစ်ချင်တာ မင်းတစ်ယောက်ပဲရှိတာ။ အဲဒါ ရွာသမိုင်းတော့ မရိုင်းစေနဲ့ကွာ။ဟေ့ကောင်။

အခု..ငါပြောနေတာတွေကိုရော စိတ်ဝင်စားရဲ့လား။ အေး၊ စိတ်မဝင်စားရင်တော့ မင်း…အမတ်အရူးမထနဲ့လို့ ငါပြောချင်တယ်။

မင်းရဲ့အချစ်ဆုံးသူငယ်ချင်း

လူလှ


(၂၀၁၅အထွေထွေရွေးကောက်ပွဲမတိုင်ခင် ရန်ကုန်တိုင်းမ်ဂျာနယ်မှာ ရေးသားခဲ့တဲ့ ဆောင်းပါးအဟောင်းလေးဖြစ်ပါတယ်)

Leave a Reply

Your email address will not be published. Required fields are marked *