June 18, 2021

JIS.DIGITAL

JOURNALIST – IMPARTIAL STORY

ရွေးကောက်ပွဲရလဒ်နှင့် ငြိမ်းချမ်းရေးအဖွင့်

တပ်မတော်၊ အစိုးရနဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ ၂၀၂၀ပြည့် အထွေထွေရွေးကောက်ပွဲ ရလဒ်တွေနဲ့အတူ ငြိမ်းချမ်းရေးလမ်းကို အပြိုင်အဆိုင်ဖွင့်လှစ်နေကြပါပြီ။

နိုဝင်ဘာ ၈ရက်နေ့ အထွေထွေရွေးကောက်ပွဲကြီးရဲ့ မဲရလဒ်များကိုလည်း သတင်းမီဒီယာများအပါအဝင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)တို့က ရသမျှထုတ်ပြန်လာခဲ့တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်မှ ဆန္ဒမဲရလဒ်မကြေညာခင်မှာပဲ အစိုးရဖွဲ့နိုင်တဲ့ အနိုင်ရပါတီနာမည်က ပြည်သူအကြား ထွက်ပေါ်နေခဲ့ပါ တယ်။ NLD ပါတီခေါင်းဆောင်ပိုင်းတွေကတော့ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲထက်ပင် အနိုင်ရရှိမှုပိုများခဲ့ပြီး သူတို့ရဲ့ မျှော်မှန်းထားတာထက်လည်း ပိုခဲ့တယ်လို့ ဆိုကြပါတယ်။

နိုဝင်ဘာလ ၁၅ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၀ပြည့်နှစ် အထွေထွေကောက်ပွဲအနိုင်ရလဒ်ကို အောက်တွင်ရှုကြည့်နိုင်ပါတယ်။

ငြိမ်းချမ်းရေးအတွက် တပ်မတော် အဖွင့်

‌ရွေးကောက်ပွဲပြီးလျှင်ပြီးချင်း နိုဝင်ဘာ ၉ရက်မှာပဲ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို ဥက္ကဌအဖြစ်ထားကာ ဒုတိယ ဗိုလ်ချုပ်ကြီး(၅)ဖြင့် “တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ”ကို ဖွဲ့စည်းကြောင်း ကြေညာပါတယ်။ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်၍ NCA လက် မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့တွေရော၊ လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်အား အမြန်ဆုံးဆွေးနွေးရန် လိုအပ်နေတဲ့အတွက် ထာဝရငြိမ်းချမ်းရေးအောင်မြင်ပြီးဆုံးတဲ့အထိ လိုအပ်၍ တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ၎င်းကော်မရှိကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း တပ်ချုပ်ရုံးထုတ် ပြန်ချက်မှာ ပါဝင်ပါတယ်။

ရွေးကောက်ပွဲပြီးသည်နဲ့အတူ ထွက်ပေါ်လာတဲ့ ၎င်းထုတ်ပြန်ချက်ဟာ အခြေအနေအချိန်အခါအားဖြင့် ထူးခြား တယ်လို့ ဆိုနိုင်ပေမယ့် ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၂၁ရက်က ထုတ်ပြန်တဲ့ စာမျက်(၃)မျက်နှာပါ ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်ပါ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် ထူးထူးခြားခြားကွဲပြားနေတာမျိုးတော့ မတွေ့ရပါဘူး။

ထုတ်ပြန်ချက်ပါစာမျက်နှာ ပိုနည်းသွားတာ၊ ကော်မတီအဖွဲ့ဝင်အင်အားကျစ်လစ်သွားတာကိုသာ သတိပြုမိပါ တယ်။ သို့ပေမယ့်လည်း (၂၁)ရာစုပင်လုံးအစည်းအဝေးတွေမှ ထွက်ပေါ်လာတဲ့ အစိတ်အပိုင်း(၃)ခုပါ သဘောတူ ညီချက် (၅၄)ချက်ကို အသိအမှတ်ပြုထားပြီး ကျန်ရှိနေသေးတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် များကို ဆက်လက်ဆွေးနွေးမယ်ဆိုတဲ့ သဘောထားကို မြင်တွေ့ရတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တပ်မတော်ဟာ NCA လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းမယ်ဆိုတဲ့ အဓိပ္ပါယ်ဟု ယူဆနိုင်ပါတယ်။

ဒီချုပ်အစိုးရ မျက်နှာမူမယ့် ငြိမ်းချမ်းရေးလမ်း

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်တွေသာ အပြောင်းအလဲမရှိဘဲ ပုံမှန်အတိုင်း ဆက်သွားနေမယ်ဆို  ရင် လာမယ့် ၂၀၂၅ခုနှစ်အထိတော့ NLD ဦးဆောင်တဲ့ အစိုးရသစ်ကို ဆက်လက်မြင်တွေ့ရဖို့ ရှိနေပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကလည်း NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေရော အားလုံးနဲ့ တွေ့ဆုံဆွေးနွေးကာ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို ဆက်လက်ကြိုးပမ်းမယ့်အကြောင်း နိုဝင်ဘာ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကြီးကျင်းပရာမှာ တိုင်းရင်းသားပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ အပြုသဘောဖြင့် ပူးပေါင်းဆောင်ရွက်ပေးမှုကိုလည်း NRPC က အသိအမှတ်ပြု ထားပါတယ်။

၂၀၂၀ အလွန်ငြိမ်းချမ်းရေးအစီအစဥ်သစ်မှာတော့ ပထမလုပ်ငန်းစဥ်အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်း၊ ထိ ရောက်ခိုင်မာတဲ့ အပစ်ရပ်လုပ်ငန်းစဥ်နဲ့ အားလုံးပါဝင်‌ရေးဆိုတဲ့ NRPC က ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဒုတိယ လုပ်ငန်းစဥ်မှာတော့ ပြည်နယ်အခြေခံဥပဒေနဲ့ လွှတ်တော်(၂)ရပ်ကိစ္စ စေ့စပ်ညှိနှိုင်းခြင်း၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကိစ္စ၊ ၂၀၂၀အလွန် လုပ်ငန်းစဥ်များ အသေးစိတ်ဆွေးနွေးညှိနှိုင်းခြင်းနဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးအကြား ဟန်ချက်ညီအောင် ဆောင်ရွက်ခြင်းတို့ကို တွေ့ရှိရပါတယ်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၊ ပြည်နယ်အခြေခံဥပဒေရေးဆွဲခြင်း၊ ပြည်နယ်များရဲ့ နိုင်ငံရေးအခွင့်အရေးနဲ့ လုံခြုံရေးဆိုင်ရာပေါင်းစည်းခြင်း လုပ်ငန်းတို့ကိုတော့ တတိယလုပ်ငန်းစဥ်မှာ ထည့်သွင်းထားပါ တယ်။

လက်ရှိရွေးကောက်ပွဲရလဒ်တွေအရ NLD ဦးဆောင်လာဦးမယ့် အစိုးအဖွဲ့မှာ လူပုဂ္ဂိုလ်ဆိုင်ရာအပြောင်းအလဲ တွေရှိလာနိုင်ပေမယ့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအလွန် အစိုးရအပြောင်းအလဲလိုမျိုး ကြီးမားတဲ့ ငြိမ်းချမ်းရေးလုပ် ငန်းစဥ်အပြောင်းအလဲမျိုးတော့ မြင်တွေ့ရဖို့ မရှိကြောင်း သုံးသပ်မိပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းများ လိုလားမျှော်လင့်ရာ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီး ပထမဆုံးသတင်းထုတ်ပြန်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းကတော့ NCA လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မ တော်) ABSDF ပဲ ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲရလဒ်ကို ကြိုဆိုကြောင်းနဲ့  လက်ရှိအစိုးရရဲ့  ၂၀၂၀ ပြည့်နှစ်လွန် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအစီအစဥ်ကို သတိပြုကာ နိုဝင်ဘာ ၄ရက်နေ့ သမ္မတရုံး ပြောခွင့်ရသူရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်ကို ဖော်ဆောင်ရန် တိုက်တွန်းထားပါတယ်။

နိုင်ငံရေးအရ အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှုနဲ့ တန်းတူရည်တူရှိမှုကို အခြေခံပြီး နိုင်ငံရေးအင်အားစု တွေကို ကမ်းလှမ်းဖိတ်ခေါ်ကာ ပူးပေါင်းဆောင်ရွက်သွားဖို့  ABSDF က ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ‌ရှေ့ရှုတဲ့ လုပ်ငန်းစဥ်တွေကို ပြည်ထောင်စုအဆင့်၊ တိုင်းနဲ့ ပြည်နယ်အဆင့် ဆင့်မှာ လက်ရှိနိုင်ငံရေးလိုအပ်ချက်နဲ့အညီ ချမှတ်ဖော်ဆောင်သွားရန် ၎င်းတို့က အကြံပြုထားပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ကတော့ ရွေးကောက်ပွဲမတိုင်ခင် နိုဝင်ဘာ ၇ ရက်က ထုတ်ပြန်တဲ့ သဘောထားပဲတွေ့ရပါသေးတယ်။

လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးနဲ့အတူ ပြည်တွင်စစ်ချုပ်ငြိမ်း၍ ငြိမ်းချမ်းရေးရရှိနေရးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုတဲ့ အစိုးရတစ်ရပ်ကို ရွေးကောက်ပွဲရလဒ်ဖြင့် ဖွဲ့စည်းကာ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒတွေ ချမှတ်သွားဖို့ KNU က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးဆန္ဒ၊ နိုင်ငံရေးဆန္ဒရှိစွာဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးအတွက် ပါဝင်သင့်သူ တွေအားလုံးကို ချန်လှပ်ထားခြင်းမရှိဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို ဖော်ဆောင်ရန် အကြံပြုထားပါတယ်။

ရက္ခိုင့်တပ်တော်(AA) ပါဝင်တဲ့ ညီနောင်မဟာမိတ်(၃)ဖွဲ့ကတော့ တပ်မတော်နဲ့ ၎င်းတို့အကြား ကြိုတင်ကန့်သက် ချက်မပါတဲ့ ပူးတွဲအပစ်အခတ်ရပ်စဲရန် အဆင်သင့်ရှိကြောင်းနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရန်အတွက်လည်း FPNCC ရဲ့ ဦးဆောင်မှုဖြင့် လိုက်ပါရန် အသင့်ရှိကြောင်း နိုဝင်ဘာ ၁၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ FPNCCဟာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့ဖြင့် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေး‌နွေးညှိနှိုင်းရေး ကော်မတီဖြစ်ပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့(UWSA)က ဦးဆောင်ပါတယ်။

ဒါ့အပြင် ရခိုင်ဒေသမှာ တပ်မတော်ရဲ့ ထိုးစစ်တွေရပ်တန့်ရေး၊ အကြမ်းဖက်အဖွဲ့နဲ့ မတရားအသင်းသတ်မှတ်ထား မှုတွေကို ရုပ်သိမ်းပေးဖို့လည်း တပ်မတော်နဲ့ အစိုးရကို တိုက်တွန်းထားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဥ် လားရာ

ကနဦး NCA လက်မှတ်ထိုးဖို့ ကြန့်ကြာနေတဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ရဲ့ ဖေ့စ်ဘုတ်ခ်စာမျက်က နှိုင်းယှဥ်ဖော်ပြချက်ကို တင်ပြပါမယ်။

နိုဝင်ဘာ ၉ရက်နေ့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်အပြီး ယင်းနေ့မှာပဲ ၂၀၁၈ ဒီဇင်ဘာမှာ ဖွဲ့စည်းခဲ့တဲ့ တိုင်းမှူးများ ပါဝင်တဲ့ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နဲ့ ၂၀၂၀ နိုဝင်ဘာ ၉ရက်မှာ ဖွဲ့စည်းတဲ့ တပ်မတော်ငြိမ်းချမ်း‌ရေးဆွေး နွေးမှုကော်မတီတို့ကို “မှတ်စု”လို့ ခေါင်းစဥ်တပ်ကာ ဗိုလ်ချုပ်ဂွမ်မော်က နှိုင်းယှဥ်ပြသခဲ့ပါတယ်။ ထူးခြားချက် မရှိကြောင်းကို သတိပြုမိပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေ၊ ဝါရင့်နိုင်ငံရေးသမားတွေရဲ့ အဆိုအရလည်း တပ်မတော်နဲ့ အစိုးရတို့အနေဖြင့် ရက္ခိုင့်တပ်တော် (AA)ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ပြီး ငြိမ်းချမ်းရေးမဆွေး‌နွေးနိုင်သမျှတော့ ကောင်းမွန် တဲ့ ရလဒ်တစ်ခု ထွက်ပေါ်လာနိုင်ချေမရှိဘူးလို့ သုံးသပ်နေကြပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို ၂၀၁၃ခုနှစ်ကတည်းက စောင့်ကြည့်တဲ့ မြန်မာငြိမ်းချမ်းချမ်းရေးစောင့်ကြည့်အဖွဲ့ (BNI – MPM) စာမျက်နှာမှာတော့ ၂၀၂၀ပြည့်နှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှုရက်ပေါင်း ၁၅၀ကျော်ရှိနေပါတယ်။ ‌တိုက်ပွဲကြောင့် အသက်သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ ဖမ်းဆီးခံရမှုနဲ့ နေ့ရပ်စွန့်ခွာကြရတဲ့ IDP အရေအတွက် တွေသာ ထိုးတက်များပြားလာပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးနိုင်မှုအခြေအနေကတော့ လျော့ကျလာ ခဲ့ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများနဲ့ တပ်မတော်အကြားမှာပင် အကြောင်းအမျိုးမျိုးပြုကာ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပါ တယ်။ အထူးသဖြင့် မဲဆန္ဒနယ်မြေအများဆုံး ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ IDP အရေအတွက်ဟာ နှစ်သိန်းနီးပါးရှိနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)က ထုတ်ပြန်ပြောဆိုထားပါတယ်။

မည်သို့ပင်ဆိုစေ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်ဖြင့် ဖွဲ့စည်းလာမယ့် NLD အစိုးရသစ်ဟာ ပြီးခဲ့တဲ့ သူတို့ရဲ့ ငါးနှစ်တာ ပထမအစိုးရသက်တမ်းကို သင်ခန်းစာယူရပါလိမ့်မယ်။ ငြိမ်းချမ်းရေးမှာ ပါဝင်ပတ်သက်သူ တွေရဲ့ အခြေအနေကို အကဲဖြတ်သုံးသပ်ရပါမယ်။ ငြိမ်းချမ်းရေးနဲ့ တိုက်ပွဲကြားက ဖြစ်‌ပေါ်လာတဲ့ ကိန်းဂဏန်း အချက်အလက်တွေကို သတိပြုရပါမယ်။ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုင်ရာ အညွှန်း ကိန်းတွေကို တိုးတက်ရေးဦးတည်ကာ တိုက်ပွဲနဲ့ သူ့ရဲ့ဘေးထွက်ဆိုးကျိုးဆိုင်ရာကိန်းဂဏန်းတွေကို လျော့ချနိုင်ဖို့ လိုအပ်ပါတယ်။

ငြိမ်းချမ်းရေးအတွက် ပြည်သူတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးကြောင်း ထည့်သွင်းပြောဆိုကြတာရှိပေမယ့် မြန်မာ့နိုင်ငံငြိမ်းချမ်းရေးအတွက်တော့ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ရဲ့ စိတ်ရင်း စေတနာမှန်ကသာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ရဲ့ လားရာ၊ ဦးတည်ရာ ဖြစ်ပါကြောင်း သုံးသပ်မိပါတယ်။

နှင်းကို – ရေးသည်။

(နှင်းကိုသည် လူငယ်သတင်းသမားတစ်ဦးဖြစ်ပြီး လက်ရှိ BNI – Myanmar Peace Monitor မှာ သုတေသနတာဝန် ထမ်းဆောင်လျက် ရှိပါတယ်)

ယခုဆောင်းပါးကို BNI-Myanmar Peace Monitor တွင်လည်း ဖော်ပြထားးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *