June 18, 2021

JIS.DIGITAL

JOURNALIST – IMPARTIAL STORY

ဘာကြောင့် NLD သောင်ပြို ကမ်းပြို နိုင်သနည်း

D. မင်း – ရေးသည်။

မြန်မာနိုင်ငံ ရဲ့ ၂၀၂၀ ရွေးကောက်ပွဲကြီးကား အပြီးသတ်ခဲ့ပါပြီ။ ရလဒ်က ထွက်ရှိပြီးဖြစ်ပေမယ့် ဒိုင်လူကြီးရဲ့ ခရာသံကို စောင့်နေခဲ့ရတာပါ။ ရလဒ်တွေကို တစ်ပတ်အတွင်းအပြီးသတ်ကြေညာပေးမယ်လို့ ဒိုင်လူကြီးဖြစ်တဲ့ ရွေး/ကော်ကတော့ ကတိပေးထားတဲ့အတိုင်း ယနေ့(၁၅ရက် နိုဝင်ဘာ)မှာ အပြီးသတ်ကြေညာသွားနိုင်ခဲ့ပါပြီ။

ရွေးကောက်ပွဲရလဒ်များထုတ်ပြန်ပြီးစီးခဲ့ရာမှာတော့ လက်ရှိအာဏာရပါတီNLD ဟာ ပြည်သူ့လွှတ်တော်(၂၅၈)နေရာ၊ အမျိုးသားလွှတ်တော် (၁၃၈)နေရာ၊ ပြည်နယ်/တိုင်း‌လွှတ်တော်များအတွက် (၅၀၁)နေရာ၊ တိုင်းရင်းသားရေးရာဝန်ကြီးနေရာများအတွက် ( ၂၃) နေရာ စုစုပေါင်း (၉၂၀)နေရာ အနိုင်ရခဲ့ပါတယ်။

ဒီရလဒ်ဟာ ၂၀၁၅က NLD ရရှိခဲ့တဲ့ ( ၂ ၂၅+၁၃၅=၃၉၀)ကို ကျော်လွန်သွားခဲ့ပါတယ်။ ဒါကြောင့်လည်း NLDဟာ တောင်ပြို၊ ကမ်းပြိုထက်တောင်ပိုပြီး ထပ်နိုင်တယ်လို့ ဆိုနေကြတာပါ။

ဆရာမုံရွာအောင်ရှင်က ကောင်းကင်ကြီးပြိုကျသကဲ့သို့ပင် NLD အနိုင်ရရှိခဲ့ပါတယ်လို့ တင်စားပြောဆိုခဲ့ပါတယ်။ NLDရဲ့အနိုင်ရရှိမှု၊ တနည်းဆိုသော် ဒေါ်အောင်ဆန်းစုကြည်ရဲ့အောင်မြင်မှု၊ပြည်သူရဲ့အောင်ပွဲ၊ဒီမိုကရေစီအောင်ပွဲဟု ဆိုလို့ရပါတယ်။ ဒါကြောင့်လည်း ပြည်တွင်း သာမက ပြည်ပ ခေါင်းဆောင်တွေကပါ မဆိုင်းမတွပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ချီးမွမ်းထောပနာ ပြု ၊ သဝဏ်လွှာတွေဆက်သနေကြတာတွေ့ရမှာပါ။

ဒါနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခုထွက် လာပါတယ်။

NLD ဘာကြောင့် တောင်ပြို၊ ကမ်းပြို ထပ်နိုင်ရတာလဲ။ ဒါနဲ့ပတ်သက်ပြီး NLDပြောခွင့်ရ ဒေါက်တာမျိုးညွန့်ဆီ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“အဓိကကတော့ ကျွန်တော်တို့ရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စေတနာနဲ့ စွမ်းဆောင်ရည်ကို ပြည်သူလူထုက ယုံကြည်တယ်။ ထပ်မံပြီးတော့ အစိုးရဖွဲ့စေချင်တယ်။ အစိုးရဖွဲ့မယ်ဆိုရင် လွှတ်တော်ထဲမှာ တပ်မတော်က ၂၅% ကလည်းရှိ နေတဲ့အတွက် ဒါကို ကျော်လွန်ပြီးတော့ အမတ်ဦးရေရအောင်ဆိုပြီးတော့ landslide ဖြစ်အောင် ပြည်သူတွေက တစ်ခဲနက်မဲပေးလိုက်ကြတယ်လို့မြင်ပါတယ်”လို့ ဒေါက်တာမျိုးညွန့်က ကျွန်တော့်ကို ပြောပြပါတယ်။

NLD ကို မဲပေးခဲ့သူတစ်ဦးကိုလည်း ဘာကြောင့် NLD ကို မဲပေးခဲ့ရတာလည်း၊ NLD ဘာကြောင့် သောင်ပြို၊ ကမ်းပြို ထပ်နိုင်ရတာလဲဆိုပြီး မေးကြည့်ခဲ့ပါတယ်။

“ကျွန်တော်တို့ စစ်အစိုးရလက်အောက်မှာ ဆယ်စုနှစ်၃ခုကျော် နေခဲ့ရတယ်။ ဒါတွေ ထပ်မဖြစ်ဖို့အတွက် လိုတယ်။ NLDက ရိုးသားတယ်။ အောက်ခြေလူတန်းသားကို ကြည့်တယ်။ ပြည်သူကိုချစ်တယ်လို့ ပြောလို့ရတယ်။ ကျွန်တော်လည်း အမေစုကို ချစ်တယ်။ ဒါကြောင့် အမစေုကို မဲပေးခဲ့တယ်။ အားလုံးကလည်း ကျွန်တော့်လို့ပဲ ဖြစ်မယ်ထင်တယ်။ ဒါကြောင့် NLDသောင်ပြို၊ကမ်းပြိုထပ်နိုင်တယ်လို့မြင်ပါတယ်” လို့ သူက မှတ်ချက်ပေးပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည် ကြိုတင်မဲပေးထည့်နေစ်

ဝါရင့်နိုင်ငံရေးသမားကြီးလည်းဖြစ်၊ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဆရာဦးရန်ကျော်က NLD သောင်ပြိုကမ်းပြိုကောင်းကင်ပြိုစွာဖြင့် အနိုင်ရစေခြင်းရဲ့ အခြေအနေကို အခုလိုသုံးသပ်ပြောဆိုခဲ့ပါတယ်။

“NLD ဘာကြောင့် ယခုကဲ့သို့သောင်ပြိုကမ်းပြိုနိုင်ရပါသနည်းဆိုသည်ကို အချက်ကလေးများနှင့်သာဖြေပါ”လို့ ပြောကြားလာသဖြင့် အောက်တွင် အချက်အလက်များနှင့် ဖြေဆိုလိုက်ရပါတယ်။ ရွေးကောက်ပွဲနေ့တစ်နေ့တည်း သုံးသပ်ဖြေကြားခြင်းထက် ၊ ရွေးကောက်ပွဲဖြစ်စဉ်ကိုချဉ်းကပ်၍ အတိုချုံး တင်ပြပါတယ်။

Why ဟု မေးလျှင် (၁) တိုင်းရင်းသားဒေသများတွင် ဗမာများ ၊ များပြားလာခြင်း၊ (၂)ပါတီများစုဖွဲ့ရာတွင် ပြတ်သားသည့်မူ အားနည်းနေခြင်းဆိုင်ရာ လွှတ်တော်များအတွင်း နေရာခွဲမှုကိုအခြေခံ၍ခွဲသည်ဟု ပြည်သူများကြားတွင် အမြင်ရှိနေခြင်း၊ (၃)ပေါင်းစည်းခြင်းမဟာဗျူဟာ၊ မဲ ဆန္ဒနယ် ရွေးချယ်သတ်မှတ်မှုဗျူဟာ၊ ရွေးကောက်ပွဲအောင်နိုင်ရေးဗျူဟာ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဗျူဟာများ အားနည်းခြင်း (၄)ယေဘုယျအားဖြင့် မြို့နယ်တစ်ခုမှာ ကျေးရွာများအတွင်းအားကောင်း သော်လည်း မြို့ပေါ်ရပ်များတွင် အားနည်းလျှက်ရှိနေခြင်း၊ (၅) ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်လွှမ်းမိုးမှုလွန်စွာကြီးမားခြင်း (၆) အတိုက်အခံကို လိုလားသူတို့၏ လွန်ကဲစွာတိုက်ခိုက်ခြင်း၊ (၇) FPTP ရွေးကောက်ပွဲစနစ်ဖြစ်နေခြင်း ၊ (၈) ဥပဒေအရ အရေးမယူသော “ဝန်းရံသူများ ” အထူးများပြားခြင်း၊ (၉)အဆိုးဆုံးနှင့် အငြင်းပွားဖွယ်အကျဆုံးဖြစ်သော Covid ကြောင့် အသက် ၆၀နှစ် နှင့်အထက် ပုဂ္ဂလိုလ်များကြိုတင်မဲပေးရေးကိစ္စတွင် Silence Day မဟုတ်သဖြင့် Logoပါ T-Shirt ဦးထုပ် ထီး အလံအရွယ်စုံများ ဝတ်ဆင်အသုံးပြုခြင်း၊ (၁၀) ဗဟုသုတနည်းပါး၍ တိုင်းရင်းသားပါတီများကိုပင် အတိုက်အခံ၏ မိတ်ဆွေ ၊ မဟာမိတ်ဟုယုံကြည်နေမှုများ၊ ညွန့်ပေါင်းအစိုးရဖြစ်လာရင် စစ်တပ်အောက်ပြန်ရောက်မယ်ဆိုတဲ့အချက်စသည်တို့က သောင်ပြိုကမ်းပြိုကောင်းကင်ပြို စွာဖြင့် NLD ကို အနိုင်ရစေတာ ဖြစ်ပါတယ်”လို့ဆရာဦးရန်ကျော်က သုံးသပ်ပြပါတယ်။

ဆရာသည် နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆောင်းပါးနှင့် စာအုပ်များရေးသားနေသူဖြစ်ပြီး ကျနော် ရန်ကုန်တိုင်းမ်နှင့်ဖလားဝါးနယူးဂျာနယ်တွင် တာဝန်ယူစဥ်ကလည်းကောင်း ယခု ဂျပန်သတင်းစာတွင် တာဝန်ယူနေစဥ်အတွင်း မြန်မာ့နိုင်ငံရေးအခြေအနေကို အမြဲတမ်းဖြေကြား ပြောဆိုပေးနေသူဖြစ်ပါတယ်။

NLDရဲ့ မဟာနိုင်ပွဲကောက်ကြောင်းတွင် အကြောင်းအရင်းများစွာ ကျန်ရှိနိုင်ပါသေးတယ်။ မည်သို့ပင်ဆိုစေကာမူ ပြည်သူတွေအနေနဲ့ NLDနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုတွေဆက်ရှိနေဆဲ ဖြစ်ပါတယ်။ NLD အနိုင်ရခဲ့သည့်အတွက် နိုင်ငံရဲ့ရှေ့ရေး ဘာတွေဆက်ဖြစ်လာမလဲဆိုတာလည်း စိတ်ဝင်စားစရာအချက်ပါ။

ဆရာဇင်လင်းကတော့ ဒေါ်အောင်ဆန်းစုကြည် တစ်လျောက်လုံးပြောလာတဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ့။ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ပြောလိုက်တာနဲ့ အဲဒီမှာငြိမ်းချမ်းရေးရော တစ်ဆက်တည်း တိုင်းပြည်ဖွံဖြိုးရေးရော၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ရေးရော အားလုံး အဲဒီဖြစ်ရပ်ကြီးအောက်မှာ အားလုံးပါသွားတာပေါ့။ NLDနဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရကတော့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မယ်လို့ မြင်ပါတယ်လို့ ပြောပါတယ်။

ဆရာဇင်လင်းသည် နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆောင်းပါးနှင့် စာအုပ်များရေးသားနေသူဖြစ်ပြီး ကျွန်တော်ရေးသားလျက်ိသည့် နိုင်ငံရေးဆောင်းပါးနှင့် ဂျပန်သတင်းစာအတွက် သုံးသပ်ချက်များကို ဖြေကြားပြောဆိုပေးနေသူဖြစ်ပါတယ်။

NLDပြောခွင့်ရဒေါက်တာမျိုးညွန့်ကတော့ ကျနော်တို့ရွေးကောက်ပွဲ Manifesto မူဝါဒ ကြေညာစာတမ်းမှာ ဖော်ပြထားတာတွေကို အကောင်အထည်ဖော်သွားမှာပါ။ လတ်တလောကတော့ ကိုဗစ်၁၉ ထိန်းချုပ်ရေးကတော့ လက်ငင်းဆောင်ရွက်ရမယ့်ကိစ္စကြီးတစ်ခုပါလို့ ပြောကြားခဲ့ပါတယ်။

အချုပ်ဆိုရသော် NLD သောင်ပြို ကမ်းပြို ကောင်းကင်ပြို အနိုင်ရထပ်ရလိုက်ခြင်းဟာ ပြည်သူတွေအနေနဲ့ သူတို့ရဲ့မျော်လင့်ချက်တွေ အိပ်မက်တွေကို NLDက အကောင်အထည်ဖော်ပေးဦးမယ်လို့ ယုံကြည်နေဆဲပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDအစိုးရရဲ့ နောက်ထပ် ( ၂၀၂၁-၂၀၂၆)နှစ်သက်တမ်းမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ . . .။

စာရေးသူအမည်အရင်းမှာ ဦးကျော်စွာမင်းဖြစ်ပြီး ရန်ကုန်တိုင်းမ်၊ ဖလားဝါးနယူးစ်ဂျာနယ် အယ်ဒီတာချုပ်ဟောင်းတစ်ဦးဖြစ်သလို လက်ရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ အတွင်းရေးမှူးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *