June 18, 2021

JIS.DIGITAL

JOURNALIST – IMPARTIAL STORY

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ အသက်အကြီးဆုံးနှင့် အသက်အငယ်ဆုံးအမတ်များ

နှင်းကို – ရေးသည်။ ၂၃ နိုဝင်ဘာ ၂၀၂၀

အသက် ၂၅နှစ် ပြည့်ပြီးသူတိုင်း ရွေးကောက်ခံပိုင်ခွင့်ရှိတဲ့အတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးမှ ပေါ်ထွက်လာတဲ့ အနိုင်ရအမတ်လောင်းတွေရဲ့ အသက်အပိုင်းအခြားတွေကို လေ့လာကြည့်ကြပါစို့။

အမျိုးသားလွှတ်တော် ၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်အပါအဝင် လူမျိုးစုရေးရာနေရာများအတွက် အနိုင်ရ စားလှယ်အမတ်စုစုပေါင်း (၁၁၁၇) ရှိခဲ့ပါတယ်။ ကိုယ်စားလှယ်အားလုံးရဲ့ ပျမ်းမျှအသက်အရွယ်ကတော့ (၅၁) နှစ်ဝန်းကျင်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

အသက်အကြီးဆုံး

(၁၁၁၇)ဦးသော ကိုယ်စားလှယ်များအနက် အသက်အရွယ်အကြီးဆုံးအမတ်အဖြစ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကျုံပျော်မဲဆန္ဒနယ်အမှတ်(၁)မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့တဲ့ စစ်မှုထမ်းဟောင်းကြီး ဦးစိန်လွင်ပဲ ဖြစ်ပါတယ်။ သူဟာ ကျုံပျော်မြို့နယ် NLD ပါတီ ဥက္ကဌလည်း ဖြစ်ပါတယ်။ ၁၉၈၈ခုနှစ် ကျုံပျော်မြို့နယ် NLD အလုပ်အမှုဆောင်ဖွဲ့စည်းစဥ်ကတည်းက အတွင်းရေးမှူးတာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ ဦးစိန်လွင်ရဲ့ အသက်ဟာ (၈၀)နှစ်ပြည့်ပြီဖြစ်ပါတယ်။

လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသမီးကိုယ်စားလှယ် (၁၉၄)အနက် အသက်အကြီးဆုံးအဖြစ် ရပ်တည်နေပါတယ်။ အသက် (၇၅)နှစ် ပြည့်ပြီဖြစ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အသက်အငယ်ဆုံး

အခြားတစ်ဖက်မှာတော့ အသက်အငယ်ဆုံးအမတ်အဖြစ် ကချင်ပြည်နယ် ဖားကန့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်ကာ အနိုင်ရရှိခဲ့တဲ့ NLD မှ ကိုအောင်ဟိန်းမင်း ဖြစ်ပါတယ်။ သူဟာ သတင်းသမားတစ်ဦးလည်း ဖြစ်ခဲ့ဖူးပြီး သင်တန်းဆရာတစ်ယောက်နေနဲ့ ရပ်တည်နေသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့အသက်ကတော့ ၂၅နှစ် ဖြစ်ပါတယ်။

ကိုကောင်းဟိန်းမင်းနဲ့ အသက်ရွယ်တူညီပြီး လပိုင်းမျှအနည်းငယ်ပိုကြီးတဲ့ ကိုမိုင်ကယ်ကတော့ တစ်နိုင်ငံလုံးမှာ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်များအနက် ဒုတိယမြောက် အသက်အငယ်ဆုံးအမတ်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ကိုမိုင်ကယ်ဟာ ကယားပြည်နယ်လွှတ်တော်အတွက် ရှားတောမဲဆန္ဒနယ်အမှတ်(၁)မှ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP)ကို ကိုယ်စားပြုကာ ဝင်ရောက်ယှဥ်ပြိုင်အနိုင်ရခဲ့သူလည်း ဖြစ်ပါတယ်။ တောင်ယာလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး တိုင်းရင်းသားအရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းများကို စိတ်ပါဝင်စားသူဖြစ်ကြောင်း သူရဲ့ မီဒီယာအင်တာဗျူးများတွင် တွေ့နိုင်ပါတယ်။

အနိုင်ရအမျိုးသမီးလွှတ်တော်အမတ်များထဲမှာတော့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အတွက် ယင်းမာပင်မဲဆန္ဒနယ်အမှတ်(၂)မှ NLD ကို ကိုယ်စားပြုကာ ဝင်ရောက်ယှဥ်ပြိုင် အနိုင်ရရှိခဲ့တဲ မအေးစန္ဒာကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ ပါတီရဲ့ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

လာမယ့် ၂၀၂၁ – ၂၀၂၅အထိ လွှတ်တော်အသီးသီးမှာ အသက် ၂၅နှစ်မှ အသက် ၈၀အထိ အသက်အရွယ်ရှိတဲ့ ရွေးကောက်ခံကိုယ်စားလှယ်များကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေအရတော့ အသက် ၃၆နှစ်နှင့် အသက် ၅၇နှစ်အရွယ်တွေက အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။

နှင်းကို – ရေးသည်။

အချက်အလက်များကို 2020_Winer_1117 မှ ရယူပါထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *