June 18, 2021

JIS.DIGITAL

JOURNALIST – IMPARTIAL STORY

ရခိုင် နှင့် ချင်းဒေသမှ စစ်ရေး – နိုင်ငံရေး အားပြိုင်မှုများနှင့် အနာဂတ်မြန်မာ

ယခုလေ့လာစမ်းစစ်မှုစာတမ်းကို BNI – Myanmar Peace Monitor တွင် ၂၀၂၀ပြည့်နှစ် ဇွန်လက ဖော်ပြခဲ့ပါသည်။

၁။ နိဒါန်း

၂၀၁၁ခုနှစ်တွင် စတင်ခဲ့သော နိုင်ငံရေးဖြေလျော့မှုများနှင့်အတူ အသွင်ကူးပြောင်းရေးဖြစ်စဉ်များကြောင့် မြန်မာ့လူ့အဖွဲ့အစည်းတွင် ကြီးစွာသော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဟု ခေါ်ဝေါ်ကြသော ရခိုင်ပြည်နယ်အတွင်းတွင် ကြီးမားသော အပြောင်းအလဲများ ကို မြင်တွေ့ခဲ့ရပါသည်။ ထို့အပြင် ရခိုင်ပြည်နယ်တွင် အိမ်နီးချင်း အင်အားကြီးနိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ စီးပွားရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အကျိုးစီးပွား များရှိနေခြင်းသည်လည်း အဆိုပါရခိုင်ပြည်နယ်၏ ကောင်းခြင်း၊ ဆိုးခြင်းအပေါ် ရာခိုင်နှုန်းများစွာ ရိုက် ခတ်မှုရှိနေပါသည်။ တရုတ် – မြန်မာစီးပွားရေးစင်္ကြန်လမ်းတွင်ပါဝင်သည့် အဓိကစီမံကိန်းကြီးများတည် ရှိနေသည့်အပြင် အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာမြောက် ကုလားတန်စီမံကိန်းများ၏ ပင်မသဖွယ်ဖြစ် နေ သော ရခိုင်ပြည်နယ်အနေဖြင့် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းတွင် သမိုင်းတစ်လျှောက် မကြုံတွေ့ခဲ့ ရသော အဖြစ်အပျက်များ၊ ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်ကို အထင်အရှား တွေ့နိုင်ပါသည်။

ထို့အပြင် ၂၀၀၉ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ရက္ခိုင့်တပ်တော်(Arakan Army)နှင့် မြန်မာ့တပ်မ တော်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကိန်းဂဏန်းများ သိသိသာသာမြင့်တက်လာခဲ့ပါသည်။ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ခုနှစ်အတွင်း အရပ်သား သေဆုံးမှုများ၊ ဖမ်းဆီးခံရမှုများ၊ နေရပ်စွန့်ခွာ စစ်ဘေးရှောင် ဒုက္ခသည် အရေအတွက်များသည်လည်း ရခိုင်ပြည်နယ်အတွင်းသာမက ချင်းပြည်နယ် ပလက်ဝဒေသတွင်ပါ ပိုမို များပြားလာခဲ့ပါသည်။ အဆိုပါ လက်နက်ကိုင်ပဋိပက္ခများ မဖြစ်ပေါ်မီကာလများတွင် ရက္ခိုင့်တပ်တော် အနေဖြင့် သမ္မတဟောင်း ဦးသိန်းစိန်စတင်ခဲ့သော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ခဲ့သော်လည်း တစ်နိုင် ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးရာတွင် ပါဝင်ခဲ့ခြင်းမရှိဘဲ နောက်ပိုင်း တွင် မြောက်ပိုင်းမဟာမိတ် ညီနောင်များအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်ပြင်ပတွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထိုမှတဆင့် ရခိုင်ပြည်နယ်အတွင်းတွင် ရံဖန်ရံခါ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုအခါ တိုက်ပွဲဖြစ်ပွားမှု အမြင့်မားဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်ကို တွေ့နိုင်ပါသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှတဆင့် အာဏာရရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရသည်လည်း ယခင်ဆောင်ရွက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို လက်ဆင့် ကမ်း ဆောင်ရွက်လာခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ရက္ခိုင့်တပ်တော်နှင့်လည်း ငြိမ်းချမ်းရေးဆိုင် ရာတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါသည်။ သို့သော် ကောင်းမွန်သော၊ အပြုသဘောဆောင်သော သ ဘောတူညီမှုများ ရရှိနိုင်ခဲ့ခြင်းမရှိဘဲ တိုက်ပွဲများသာ ပိုမိုမြင့်တက်လာခဲ့ပါသည်။ ပြည်တွင်းမှ နိုင်ငံရေး လေ့လာစောင့်ကြည့်သူများ၏အဆိုအရ ရက္ခိုင့်တပ်တော်အနေဖြင့် ၂၀၁၅ခုနှစ်မှ စတင်ပြီး ရခိုင်ပြည်နယ် အတွင်းတွင် ခြေကုပ်ရယူနိုင်ရန် ကြိုးစားမှုများရှိလာခဲ့သည်ဟု သိရှိရပါသည်။ ထို့အပြင် ရက္ခိုင့်တပ် တော်မှ ခေါင်းဆောင်များအနေဖြင့် ကွန်ဖယ်ဒရေးရှင်း (Confederation) ဟူသော နိုင်ငံရေးပုံစံကို အတိ အလင်း ထုတ်ဖော်ပြောဆိုမှုများကို အင်တာဗျူးများ၊ ဗီဒီယိုဖိုင်များမှတဆင့် ပြုလုပ်လာခဲ့ပါသည်။ ထိုကဲ့ သို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခြင်းကြောင့်ပင်လျှင် ရခိုင်ပြည်နယ်အတွင်းတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် ရက္ခိုင့်တပ်တော်အပေါ် မြန်မာ့တပ်မတော်နှင့် အစိုးရတို့၏ ရှုမြင်ပုံ ပြောင်းလဲလာဟန် ရှိသည်ဟု ယူဆနိုင်ပါသည်။

ရက္ခိုင့်တပ်တော်အနေဖြင့်လည်း လူမှုကွန်ယက်စာမျက်နှာများ၊ ဒီဂျစ်တယ်နည်းပညာများကို အသုံးချ ပြီး ရခိုင်ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့မှုများဆောင်ရွက်ကာ သတင်းစကားများကို ထုတ်ပြန်လေ့ ရှိသည်။ အထူးသဖြင့် “ရက္ခိတအိမ်မက် ၂၀၂၀” (Arakan Dream 2020) ဟူသော ကြွေးကြော်သံတစ်ခု ကို ပြည်သူလူထုထံသို့ နိုင်ငံရေးသတင်းစကားအဖြစ် တပ်လှန့်နှိုးဆော်သံတစ်ခုကို ဆောင်ရွက်ထားရှိ ပါသည်။ အဆိုပါကြွေးကြော်သံနှင့်ပတ်သတ်ပြီး တိုက်ရိုက်အဓိပ္ပါယ်ပြန်ဆိုမှုများမရှိသော်လည်း ရက္ခိုင့် တပ်တော်ဦးဆောင်သူများအနေဖြင့် အဆိုပါကြွေးကြော်သံသည် ရခိုင်ပြည်သူလူထုတို့၏ အတိတ်တွင် ဆုံးရှုံးခဲ့သော နိုင်ငံရေးဆိုင်ရာနစ်နာချက်များအတွက် တပ်လှန့်နှိုးဆော်ခြင်းဖြစ်သည်ဟု မကြာခဏ ဖွင့် ပြောဆိုလေ့ရှိပါသည်။ ထို့အပြင်ထိုတော်လှန်ရေးသည် ကမ္ဘာတစ်ဝန်းလုံးတွင် ပြန့်ကျဲရောက်ရှိနေသော ရခိုင်လူမျိုးတို့၏ အိမ်ပြန်ချိန်ဖြစ်ကြောင်းနှင့် အဆိုပါတော်လှန်ရေးသည် တစ်ကမ္ဘာလုံးတွင် ရောက်ရှိနေ သော ရခိုင်လူမျိုးများ၏အမျိုးသားကွန်ရက်ကြီးတစ်ခုအဖြစ် ပုံဖော်ဖန်တီးရမည့်အရာတစ်ခုဖြစ်ကြောင်း ပြောဆိုထားခြင်းများ ရှိပါသည်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ကနဦးစုဖွဲ့မှုများဖြစ်သည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း မှုအဖွဲ့(NCCT)ကအစပြု၍ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC)၊ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးညှိနှိုင်းရေးကော်မတီ (FPNCC)တို့ဖွဲ့စည်းချိန်အထိ ရက္ခိုင့်တပ်တော် နှင့် အစိုးရတို့အကြား ဆက်စပ်ဆွေးနွေးမှုများရှိခဲ့ပါသည်။ သို့သော် အစိုးရအနေဖြင့် ရက္ခိုင့်တပ်တော် အား မတ်လ (၂၃) ရက်၊ ၂၀၂၀ ခုနှစ်တွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာလိုက်ချိန်မှစပြီး ပိုမို ဆိုးရွားသော လက်နက်ကိုင်ပဋိပက္ခများဆီသို့ ဦးတည်စေခဲ့ပါသည်။ မြန်မာ့တပ်မတော်၏ သောင်းကျန်း သူနှိမ်နှင်းမှုစစ်ဆင်ရေး (မြန်မာ့တပ်မတော်အခေါ်အဝေါ်) ရခိုင်ပြည်နယ်အတွင်းမှ ရက္ခိုင့်တပ်တော်အား တိုက်ခိုက်မှုများသည် ပိုမိုပြီး နိုင်ငံရေးအရ တရားဝင်မှုအနေအထားကို အစိုးရအနေဖြင့် အသိအမှတ်ပြုလိုက်သည်ဟူသော ဝေဖန်သံများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ တပ်မတော်၏ စစ်ဆင်ရေးများသည် ပိုမိုပြီး လက်ရဲဇက်ရဲဖြစ်လာသည်ကို မြေပြင်သတင်းများအရ သိရှိရပါသည်။ ဆိုလိုသည်မှာ အစိုးရအနေဖြင့် တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများကို နိုင်ငံရေးအရ တာဝန်ယူမှုကို ဆိုလိုခြင်းဖြစ်ပါသည်။

ထို့အပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းချက်များအရ ရခိုင်ပြည်နယ် သည် အဖြူရောင်နယ်မြေဖြစ်သည်ဟူသောစကားကို ထပ်ခါတလဲလဲ သုံးစွဲလေ့ရှိသည်ကို တွေ့ရှိရပါ သည်။ အကြောင်းမူ ရခိုင်ပြည်နယ်အတွင်းတွင် ၁၉၈၀ခုနှစ် နောက်ပိုင်းမှ စတင်ပြီး လက်နက်ကိုင် တပ်ဖွဲ့များမရှိသည့် အဖြူရောင်နယ်မြေဖြစ်သဖြင့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုခုအခြေစိုက်လာခြင်းကို လက်ခံနိုင်ခြင်းမရှိဘဲ ယခုကဲ့သို့ ရက္ခိုင့်တပ်တော်မှ အခြေစိုက်လာခြင်းကို တပ်မတော်က  ပြတ်သားစွာ နှိမ်နင်းသွားမည်ဟူသော သတင်းစကားများကို တွေ့ရှိရပါသည်။

တစ်ချိန်တည်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများပြင်းထန်လာသည်နှင့်အမျှ လူမှုကွန်ရက်ပေါ် တွင် လူမျိုးရေးကို အခြေခံလျက် အမုန်းစကားပြောဆိုမှုများ ပိုမိုများပြားလာခဲ့သည်ကို ထောက်ပြ ပြောဆိုမှုများလည်း ရှိခဲ့ပါသည်။ ထိုကာလများမတိုင်မီကပင် ရက္ခိုင့်တပ်တော် ထိပ်ပိုင်းခေါင်းဆောင် များ၏ လူမှုကွန်ရက်ပေါ်မှ အကောင့်များ၊ အဆိုပါအဖွဲ့အစည်းများ၏ လူမှုကွန်ရက်စာမျက်နှာများကို ဖယ်ရှားခံရသော ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပါသည်။ အစိုးရအနေဖြင့်လည်  တပ်မတော်၏ စစ်ဆင်ရေးများ ကို အထောက်အကူပြုစေရန်အတွက် ရခိုင်ဒေသအတွင်းရှိ မြို့နယ်အချို့၏ အင်တာနက်ကွန်ရက်များ အား ဖြတ်တောက်ထားခြင်းများကို အစိုးရအနေဖြင့် ပြုလုပ်ခဲ့ပါသည်။ ထိုကဲ့သို့ ဖြတ်တောက်မှုများ သည် ရခိုင်ပြည်နယ်၏ တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းရေးအလို့ငှာ ဆောင်ရွက်ရခြင်းဖြစ် သည်ဟု အစိုးရဖက်မှ ထပ်ခါတလဲလဲပြောဆိုမှုများရှိသော်လည်း မြေပြင်တွင် ရခိုင်ပြည်သူလူထုနှင့် ချင်းပြည်နယ် ပလက်ဝဒေသမှ ချင်းလူမျိုးတို့အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်ထားရန် အထောက်အပံ့ဖြစ်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်း လေ့လာသူများက ထောက်ပြဝေဖန်လျက် ရှိပါသည်။

မည်သို့ပင်ဆိုစေ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများသည် ကန့်သတ်စစ် (Limited War) သဘောထက် အဆုံးစွန်သောစစ် (Total War) သဘောကို ပိုမိုဆောင်လာကာ စစ်ပွဲ၏ သဘောသဘာဝအတိုင်း နှစ်ဖက်သေကြေမှုများ၊ အရပ်သားသေဆုံးမှုများ၊ နေရပ်စွန့်ခွာစစ်ဘေးရှောင် ဒုက္ခသည်အရေအတွက်နှင့် အမုန်းတရားများသာ တဖြည်းဖြည်း တိုးပွားလာခဲ့သည်ကို တွေ့မြင်နိုင်ပါ သည်။ အာဏာရအစိုးရအနေဖြင့်လည်း အဆိုပါလက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးပြဿနာတစ်ရပ် အနေဖြင့် ဖြေရှင်းရန် ကြိုးစားသည်ထက် လက်နက်ကိုင်တပ်ဖွဲ့များ၏ အင်အားသုံး ဖြေရှင်းခြင်းအပေါ် နိုင်ငံရေးအရ တရားဝင်ခွင့်ပြုပေး ပေးအပ်လိုက်ခြင်းသည် အဆိုပါပဋိပက္ခများကို ပိုမိုဆိုးရွားစေသည်ဆို သည့် သဘောသဘာဝအဖြစ် ပုံဖော်နေပါသည်။ လက်နက်ကိုင်ပဋိပက္ခများ ပိုမိုပြင်းထန်လာလေလေ ရခိုင်ပြည်နယ်ကို အရပ်ဖက်အုပ်ချုပ်ရေးနှင့် ဝေးကွာရာသို့ တဖြည်းဖြည်းတွန်းပို့နေသကဲ့သို့ ဖြစ်လာ လေလေဖြစ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စဉ်များအပေါ်တွင်လည်း ရိုက်ခတ်မှုများ ရှိလာနိုင်ပါသည်။

၂။ နောက်ခံအကြောင်းတရားများ

လက်တင်အမေရိက၊ အာဖရိက၊ ဘောလ်ကန်နိုင်ငံများနှင့် အာရှနိုင်ငံများရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများ တွင် တာ၀န်ထမ်းဆောင်ခဲ့ဖူးသော ကုလသမဂ္ဂအရာရှိတစ်ဦးက လက်ရှိမြန်မာနိုင်ငံ ကြုံတွေ့နေရသည့် အခြေအနေကို “ကြုံတွေ့ဖူးသမျှထဲတွင် အရှုပ်ထွေးဆုံးအခြေအနေ” ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ သမ္မတ၊ အစိုးရကက်ဘိနက်၊ စစ်တပ်နှင့် လွှတ်တော်တို့အကြား အာဏာခွဲဝေထားသည့် အစိုးရနှင့် ဒါဇင် ချီသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ စစ်ဗိုလ်ချုပ်များ စစ်ဗိုလ်ချုပ်ဟောင်းများနှင့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သူမ၏ NLD ပါတီကြားက ပြိုင်ဆိုင်မှုများ၊ ဒါဇင်ချီ သည့် အခြားသောနိုင်ငံရေးပါတီများနှင့် ရာချီသည့်အရပ်ဘက်အဖွဲ့အစည်းများပါ၀င်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ အနာဂါတ်အရေးအတွက် အားလုံးက တစ်စုံတစ်ရာပါ၀င်ပြောဆိုနိုင်ခွင့်ရလိုမှုတို့နှင့် ဗုဒ္ဓဘာ သာ၀င်များနှင့် အစ္စလာမ်ဘာသာ၀င်များအကြား အကြမ်းဖက်မှုများ မြင့်တက်လာသည့် ရခိုင်ပြည်နယ် နှင့်အခြားဒေသများသို့ ကူးစက်မှု စသည့်အခြေအနေမျိုးစုံဖြင့် ရှုပ်ထွေးနေခဲ့သည်။ ထို့အပြင် တရုတ်၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ ယူကေနှင့် အခြားသော နိုင်ငံများကလည်း မြန်မာ့အရေးတွင် အပြိုင်အဆိုင် သြဇာလွှမ်းမိုးမှု ပြုချင်နေကြသည်။

ရခိုင်ပြည်နယ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ပါဝင်သည့် အနောက်ဘက်မှ ပြည်နယ်တစ်ခု အဖြစ်ရှိနေသော်လည်း ယနေ့ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများသည်မူ အတိတ်ကာလ ရခိုင်ပြည်သူတို့၏ ပဒေသရာဇ်နိုင်ငံတော်သမိုင်းများနှင့် ရခိုင်လူမျိုးတို့၏ အမျိုးသားရေး အခြေခံသော နိုင်ငံရေးတိမ်းညွတ်မှုများက များစွာလွှမ်းမိုးမှု ရှိနေပါသည်။ အဆိုပါပြဿနာများ၏ ပင်မအရင်းခံ ပြဿနာများသည် ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံတော်တည်ထောင် ခြင်း (Nation Building) ပုံသဏ္ဍန်မှားယွင်းခဲ့မှုများအပေါ် အရင်းခံလျက် ရှေးယခင်ကတည်းက မီးခဲ ပြာဖုံးအနေအထားရှိခဲ့သော ရခိုင်လူမျိုးတို့၏ အမျိုးသားရေးစိတ်ဓာတ်များ တဖန်ပြန်လည် နိုးထလာခဲ့မှု များကြောင့် ဟု အဓိက ဆိုနိုင်ပါသည်။

ကိုလိုနီခေတ်ဦးကာလများကတည်းက ရခိုင်ဒေသအတွင်း နိုင်ငံရေးလှုပ်ရှားမှုများ အချိန်နှင့်အမျှ ရှိနေ ခဲ့ပြီး ဂျပန်တော်လှန်ရေးကာလ၊ လွတ်လပ်ရေး ခေတ်ကြိုကာလ၊ လွတ်လပ်ရေး ခေတ်ဦးကာလများ အထိ ခေတ်အဆက်ဆက် ရှိနေခဲ့ပါသည်။ ရက္ခိုင့်တပ်တော် တစ်ခုတည်းမဟုတ်ဘဲ လွတ်လပ်ရေး ခေတ် ကြိုကာလများမှစတင်ပြီး ယခုအချိန်ထိ နေရာ၊ ဒေသအမျိုးမျိုးတွင် ဖွဲ့စည်းခဲ့ကြသော ရခိုင်လက်နက် ကိုင်အဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်အတွင်း အခြေစိုက်ရန် ကြိုးစားခဲ့ကြသည်ကို သမိုင်းစဉ်တစ် လျှောက်လုံးတွင် တွေ့နိုင်ပါသည်။ သို့သော် ရခိုင်ပြည်နယ်၏ တစ်မူထူးခြားသော ပထဝီမြေမျက်နှာ သွင်ပြင်အနေအထားတို့ကြောင့် ရခိုင်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏ ရခိုင်ပြည်နယ်အတွင်း အခြေစိုက်ရန်ကိစ္စသည် လွယ်လွယ်ကူကူ မဖြစ်ခဲ့ပါ။ အထူးသဖြင့် ပလက်ဝဒေသ(ချင်းပြည်နယ်) နှင့် အိန္ဒိယနယ်စပ်တို့မှ စတင်ချဉ်းကပ်ခဲ့ကြသော မှတ်တမ်း၊ မှတ်ရာများစွာရှိခဲ့သော်လည်း မအောင်မြင်ခဲ့ကြသဖြင့် ယခုရက္ခိုင့်တပ်တော်၏ ရခိုင်ပြည်နယ် အတွင်းဝင်ရောက်နိုင်မှု၊ တိုက်ပွဲများဖော်ဆောင်နိုင် မှုသည်ပင်လျှင် ရခိုင်လူမျိုးတို့၏ စိတ်သဏ္ဍန်ထဲတွင် ကြီးစွာသောအပြောင်းအလဲတစ်ခု ဖြစ်ခဲ့ပါသည်။

ရက္ခိုင့်တပ်တော်၏ စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်က စတင်ခဲ့သော “ရက္ခိတအိပ်မက် ၂၀၂၀” ဆိုသည့် အယူ အဆသည် ရခိုင်လူမျိုးများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် “ရက္ခိတလမ်းစဉ်” ဖြင့် ၂၀၂၀ခုနှစ်မှစ၍ တိုက်ပွဲ၀င်သွားမည်ဆိုသည့် သတင်းစကားသည် ရခိုင်ပြည်သူများအကြား ပြန့်နှံ့သွားစေခဲ့သည်။ ထို သတင်းစကားက ရခိုင်ပြည်သူများအကြား အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်လာစေပြီး၊ ရှေးယခင် ဘုရင်များလက်ထက်က ရှိခဲ့ဖူးသည့် လူမျိုးရေးပဋိပက္ခများကိုပါ ပြန်လည်နှိုးဆွလိုက်သကဲ့သို့ ဖြစ်လာ ခဲ့သည်။ သမိုင်းပညာရှင်တစ်ဦးဖြစ်သူ ‌ဒေါက်တာသန့်မြင့်ဦးက “ဒါဟာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ပါဘူး။ အခြားအတွေးအခေါ် အယူအဆတွေ (ဒါမှမဟုတ်) အစီအစဉ်တွေ လစ်လပ်နေတုန်းမှာ အမျိုးသားရေး ဝိသေသအခြေခံတဲ့ လှုံ့ဆော်မှုတွေဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်တဲ့နည်းလမ်းတွေ မှန်းသိသာပါ တယ်” ဟု သူ့စာအုပ် “The Hidden History of Burma”တွင် ရေးသားခဲ့သည်။

ထို့အပြင် ၂၀၁၁ခုနှစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများမှ စတင်ခဲ့သော ပါတီနိုင်ငံရေးအခန်းကဏ္ဍသည် လည်း ရခိုင်ပြည်သူလူထု၏ နိုင်ငံရေးရေချိန်ကို တဖြည်းဖြည်းမြှင့်တင်လာနိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ် သည်။ ဒေါက်တာအေးမောင် ဦးဆောင်ခဲ့သော ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP)နှင့် ရခိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ALD)တို့အနေဖြင့် “ရခိုင်အမျိုးသားညီညွတ်ရေး” ဟူသော မျှော်မှန်းချက် ဖြင့် ၂၀၁၃ ခုနစ်၊ မေလ (၁၅) ရက်နေ့တွင် ရခိုင်အမျိုးသားပါတီ (ANP)ကို ထူထောင်ရန် သဘောတူညီမှု များရရှိခဲ့ကြသည်ဟု သိရှိရပါသည်။ သို့သော် နောက်ပိုင်း ၂၀၁၅ ခုနစ်အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြသည့် ရခိုင်ပြည်နယ်လွှတ်တော်အတွင်းမှ ရခိုင်အမျိုးသားပါတီဝင် အမတ်များအနေဖြင့် အာဏာရပါတီ၏ တိုင်းရင်းသားနိုင်ငံရေးပါတီများအပေါ်ထားရှိသော နိုင်ငံရေးဆိုင်ရာ သဘောထားများ ကို စိတ်ပျက်ခဲ့ကြကြောင်း သတင်းမီဒီယာများတွင် မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့ကြပါသည်။

အဆိုပါ ပြဿနာများသည် ၂၀၀၈ အခြေခံဥပဒေ၏ ကန့်သတ်ချက်များကြောင့်ဟု အာဏာရပါတီက ပြောဆိုမှုများရှိခဲ့သော်လည်း ရခိုင်ပြည်သူလူထုအနေဖြင့် လွှတ်တော်နိုင်ငံရေးနည်းလမ်းသည် ရခိုင်ပြည် သူများလိုချင်သော တန်းတူရေးမူကို အာမခံနိုင်သည်ဟူသော ယုံကြည်ချက်များ ပျောက်ဆုံးလာဟန် တူခဲ့ပါသည်။ ထို့အပြင် နောက်ထပ်ထွက်ပေါက်တစ်ခုဖြစ်သည်ဟု ယုံကြည်ကြသော ပြည်ထောင်စု ငြိမ်ချမ်းရေးညီလာခံတွင်လည်း တစ်ဆို့မှုများကို မြင့်တွေ့လာခဲ့ကြသောအခါ ရက္ခိုင့်တပ်တော် ဦးဆောင် သော လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းသည် ပိုမိုအားကောင်းလာခဲ့ပါသည်။ တစ်ချိန်တည်း တွင် ရခိုင်ပြည်နယ်အတွင်းရှိ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးသည်လည်း ထင်မှတ်ထားသကဲ့သို့ ကောင်း မွန်လာခဲ့ခြင်းမရှိဘဲ နိုင်ငံရေးပြဿနာများနှင့်သာ လုံးလည်ချာလည်လိုက်နေခဲ့ပြီး မထင်မှတ်ထားသည့် ပြဿနာများစွာက ယနေ့ ရခိုင်ပြည်နယ်အတွင်းတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများသို့ တွန်းပို့ရာ နောက်ခံအကြောင်းတရားများ ဖြစ်လာခဲ့ပါသည်။

Myanmar Peace Monitor

၃။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများအပေါ် လေ့လာဆန်းစစ်ခြင်း

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသတို့တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကို လေ့လာဆန်းစစ်ရာတွင် လူပုဂ္ဂိုလ်ပေါင်းများစွာက ရှုထောင့်ပေါင်းစုံဖြင့် လေ့လာဆန်းစစ်မှုများစွာ ပြု လုပ်၊ ပြောဆိုထားသည်ကို တွေ့ရှိရပါသည်။ အဆိုပါ လေ့လာဆန်းစစ်မှုများကို ပြန်လည်သုံးသပ်ကြည့် ပါက ရခိုင်ပြည်နယ်အတွင်း ယခုဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများအပေါ်တွင် အခြေပြုသည့် လေ့လာ ဆန်းစစ်မှုများသာ များပြားသည်ကို တွေ့ရှိရပါသည်။ သို့သော် မိမိတို့အနေဖြင့် ကနဦးတွင် တင်ပြခဲ့သကဲ့သို့ ရခိုင်ပြည်နယ်အတွင်းမှ လက်နက်ကိုင်ပဋိပက္ခများသည် သမိုင်းဆိုင်ရာအရင်းခံအ ကြောင်းတရားများ ပေါင်းစပ်ပါဝင်နေသကဲ့သို့၊ ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာအပြောင်းအလဲများနှင့် တိုက် ဆိုင်နေခဲ့သည်ကိုလည်း တွေ့ရှိနိုင်ပါသည်။ ထို့အပြင် ပြည်တွင်းနိုင်ငံရေးဆိုင်ရာ အုပ်စုများအကြား အကျိုးစီးပွားများ ရောယှက်နေမှုများ၊ ပြည်သူလူထုများအကြား လူမျိုးရေး / ဘာသာရေး အခြေပြု အမျိုးသားရေးစိတ်ဓာတ်များ ပြင်းထန်လာမှုအပြင် မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှု၏ အဓိကသော့ ချက်ဟု ဆိုရမည့် အရပ်ဘက် – စစ်ဘက် ဆက်ဆံရေးတို့အပေါ်တွင် အပြန်အလှန်မှီခိုမှုများ ရှိနေ ပါသည်။ ဆိုလိုသည်မှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများသည် ရှေးယခင် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်တော်လှန်ရေးများထက် ပိုမိုပြီး ထိလွယ်၊ ရှလွယ်ဖြစ်သည့်အပြင် လူမျိုးရေးဆိုင်ရာ အကဲဆတ်မှုများကို ပိုမိုတွေ့မြင်ရသည်ဟု ပြောမည်ဆိုလျှင် မှားလိမ့်မည်မဟုတ်ပေ။

အထူးသဖြင့် ရှေးယခင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဖြစ်ပွားသော လက်နက်ကိုင်ပဋိပက္ခ များနှင့် ယနေ့ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ၏ နောက်ခံအခြေအနေ မတူညီမှုများသည် လက်နက်ကိုင်ပဋိပက္ခတွင်ပါဝင်နေကြသော အစုအဖွဲ့များအားလုံးအပေါ်တွင် ရာခိုင် နှုန်းအနည်းနှင့်အများ သက်ရောက်မှုရှိနေပါသည်။ ရက္ခိုင့်တပ်တော်အနေဖြင့် ရှေးယခင် တိုင်းရင်းသား လက်နက်ကိုင်များကဲ့သို့ တပ်သားသစ် စုဆောင်းခြင်း၊ ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှု၊ နိုင်ငံရေး လိုလားချက်များအား ဆွဲဆောင်စည်းရုံးခြင်း၊ ဘဏ္ဍရေးရှာဖွေမှု၊ လက်နက်/ခဲယမ်း/မီးကျောက်များ ဝယ်ယူစုဆောင်ခြင်းအစရှိသော လုပ်ငန်းစဉ်များကို ဒီဂျစ်တယ်ပလက်ဖောင်းများပေါ်တွင် ပိုမိုလွယ်ကူ စွာနှင့် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်သည်မှာ အထင်အရှားပင် ဖြစ်ပါသည်။ ထို့ကြောင့် ရက္ခိုင့်တပ် တော်အနေဖြင့် ဆယ်စုနှစ်တစ်ခုအတွင်း ယခုကဲ့သို့ ပိုမိုအင်အားကောင်းမွန်ပြီး ပိုမိုတောင့်တင်းသော လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်လာစေရန် အဓိကအကူအညီဖြစ်ခဲ့သောအရာသည် ၂၁ရာစု ခေတ်မီ သတင်းအချက်အလက်နည်းပညာများကို စနစ်တကျအသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အစိုးရနှင့် တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် အင်တာနက်ကွန်ရက်များ ဖြတ်တောက် ခြင်းကို စစ်ရေးရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့သည်ကို အထင်အရှား တွေ့မြင်နိုင်ပါသည်။

ထို့အပြင် ရက္ခိုင့်တပ်တော်ကို နောက်ထပ် အဓိကအကူအညီဖြစ်စေခဲ့သောအရာသည် တခြားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ကြီးများနှင့် ကောင်းမွန်သောမဟာမိတ်အဖြစ် တည်ဆောက်ထား နိုင်သော မဟာဗျူဟာကြောင့် ဖြစ်ပါသည်။ ရက္ခိုင့်တပ်တော်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအချင်းချင်းသာမက ပြည်ပနိုင်ငံများ ဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် တရားဝင်ဆက်ဆံရေး မဟုတ်သော်လည်း အဆိုပါနိုင်ငံများမှ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ / ပုဂိ္ဂုလ်များ (သို့မဟုတ်) အာဏာပိုင်အဖွဲ့အစည်းများ (သို့မဟုတ်) သြဇာအာဏာရှိသော ပုဂ္ဂိုလ်များနှင့် ဆက်ဆံရေးတည်ဆောက်ထားနိုင်သည်ဟူသောအချက်  သည်လည်း အစိုးရနှင့် တပ်မတော်တို့အတွက် စိုးရိမ်ဖွယ်အခြေအနေတစ်ရပ်အဖြစ် ယူဆနိုင်ဟန် ရှိပါသည်။

ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ ရခိုင်ပြည်အတွင်းသို့ အခြေချရောက်ရှိလာသည်ဟု ခန့်မှန်းရသော အချိန်မှ စတင်ပြီး ရခိုင်ပြည်နယ်ထဲတွင် အစိုးရ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ ပိုမိုများပြားလာသည့်အချက်မှာလည်း ယခင်တိုင်းရင်းသားလက်နက်ကိုင် တော်လှန် ရေးကာလများနှင့် တမူထူးခြားစွာ ကွဲထွက်နေသည်ဟု ပြောဆိုနိုင်ပါသည်။ ထို့အပြင် ရက္ခိုင့်တပ်တော် ထိပ်ပိုင်းခေါင်းဆောင်အချို့ကလည်း လူမှုကွန်ရက်ပေါ်တွင် “တရားလည်း ရှိတယ်၊ ဓားလည်း ရှိတယ်” ဟူသော စကားလုံးအချို့ကို ပြောဆိုခဲ့ခြင်းများရှိသည်ကို တွေ့ရှိရပါသည်။ ရက္ခိုင့်တပ်တော်အနေဖြင့် အဆိုပါစကားကို တရားဝင်သုံးနှုန်းခြင်းမျိုးမဟုတ်သောကြောင့် အဓိပ္ပါယ်ပြန်ဆိုရန် ခက်ခဲပါသည်။ ထို့ အပြင် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားနှင့် လုံခြုံရေးဆိုင်ရာအဖွဲ့များကို ရက္ခိုင့်တပ်တော်၏ အုပ်ချုပ်ရေး နှင့် လုံခြုံရေးဆိုင်ရာယန္တရားများဖြင့် အစားထိုးပြီး မိမိတို့၏ ရပ်တည်မှုကို အခိုင်အမာတည်ဆောက်လို ခြင်းများရှိကြောင်းကို ရက္ခိုင့်တပ်တော်၏ လုပ်ဆောင်ချက်များအား အခြေခံပြီး သုံးသပ်နိုင်ပါသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် ပတ်သက်ပြီး အစိုးရနှင့် တပ်မ တော်တို့၏ ရပ်တည်ချက်တူညီနေမှုသည် ယခုပဋိပက္ခ၏ နောက်ထပ်ထူးခြားသောအရာ ဖြစ်ပါသည်။ အထူးသဖြင့် တပ်မတော်၏ “သောင်းကျန်းသူနှိမ်နှင်းမှု စစ်ဆင်ရေး” (တပ်မတော် အခေါ်)ကို အရပ် သားအစိုးရအနေဖြင့် နိုင်ငံရေးအရတရားဝင်မှုပေးခြင်းများကို အထင်အရှားတွေ့နိုင်ပါသည်။ ဆိုလိုသည်မှာ ယခု ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကို တပ်မတော် သာမက အရပ်သား အစိုးရကိုယ်တိုင်ကပါ အမျိုးသားလုံခြုံရေးနှင့်ပတ်သက်သော ကိစ္စရပ်ဖြစ်သည်ဟု ယူဆပုံရပါသည်။ အရပ်သားအစိုးရအနေဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ခေါ်ယူခြင်း မရှိခဲ့သော် လည်း တပ်မတော်၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပဋိပက္ခများ မပြင်းထန်မီကာလများတွင် တွေ့ဆုံခဲ့မှု များ ရှိခဲ့ပါသည်။ ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်တွင် တိုက်ပွဲဝင်နေသော တပ်မတော်သားများကို အသိအမှတ်ပြုချီးကျူးဂုဏ်ပြုကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ခြင်းသည် အဆိုပါ ယူဆချက်ကို ပိုမိုခိုင်မာစေခဲ့ပါသည်။[1]

အစိုးရ၊ တပ်မတော်အနေဖြင့်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သာမက အိန္ဒိယနိုင်ငံနှင့်ပါ ဆက်ဆံ ရေး ပိုမိုကောင်းမွန်လာအောင် တည်ဆောက်ခြင်းများကို နိုင်ငံတော်သမ္မတ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ၏ ခရီးစဉ်များက သက်သေထူလျက် ရှိပါသည်။ အဆိုပါ ခရီး စဉ်များသည် ဒေသတွင်း နိုင်ငံတကာဆက်ဆံရေး ပါဝါချိန်ခွင်လျှာညီမျှအောင် ပြုလုပ်သော မဟာဗျူ ဟာတစ်ခုတည်းသာမကဘဲ ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်များ၊ အထူးသဖြင့် ရက္ခိုင့်တပ်တော် ၏ အိန္ဒိယ – မြန်မာနယ်စပ်နှင့် မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ်တို့တွင် တည်ရှိနေမှုကို တန်ပြန်ရာတွင် အကူအညီအဖြစ် ရယူလိုခြင်းတို့ကြောင့် ဖြစ်ဟန်တူသည်။

Myanmar Peace Monitor

၃.၁ အရပ်သားများ သေဆုံးခြင်းနှင့် ဖမ်းဆီးခံရခြင်း။

အရပ်သားများ သေဆုံးခြင်းနှင့် ဖမ်းဆီးခံရသော ပြဿနာများသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ စတင်ကတည်းက ယနေ့အချိန်အထိ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော ပြဿနာတစ်ရပ် ဖြစ်လာပါသည်။ အထူးသဖြင့် လက်နက်ကိုင် ပဋိ ပက္ခများကြောင့် အရပ်သားသေဆုံးမှုနှုန်း မြင့်မားရခြင်းသည် အဆိုပါပဋိပက္ခအပေါ်တွင် အာရုံစိုက်သင့် သော အဓိကအကြောင်းတရားဖြစ်လာပြီဟု International Crisis Groupမှ ထုတ်ဝေသော “An Avoidable War : Politics and Armed Conflict in Myanmar’s Rakhine State” အစီရင်ခံစာတွင် အကျယ် တဝင့် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

ထို့အပြင် အရပ်သားများကို ဖမ်းဆီးစစ်ဆေးခံရရင်း သေဆုံးသွားသည့် ကိစ္စများသည်လည်း သတင်းမီဒီ ယာများတွင် မကြာခဏဖော်ပြမှုများကို တွေ့ရှိနေရသည့်အပြင် အဆိုပါသေဆုံးမှုများအတွက် နိုင်ငံ တော် တာဝန်ရှိသူများ၏ ထုတ်ဖော်ပြောဆိုခြင်းများ၊ တာဝန်ယူသော အပြုအမှုများ တစ်စုံတစ်ရာမှ မတွေ့ရသေးပေ။ တစ်ချိန်တည်းတွင် ရခိုင်ပြည်နယ်အတွင်း လုပ်ကြံသတ်ဖြတ်မှုများ၊ ဖမ်းဆီးခေါ် ဆောင်ခြင်းများကိုလည်း ပိုမိုတွေ့ရှိလာရပါသည်။ အဆိုပါပြဿနာများကို ခေါင်းစဉ်မျိုးစုံတပ်ပြီး ပြောဆိုကြသော်လည်း အဓိကအရင်းအမြစ်ပြဿနာသည် လက်နက်ကိုင်ပဋိပက္ခများကြောင့်သာ ဖြစ်ပါ သည်။ တိုင်းရင်းသားအရေး လေ့လာသူတစ်ဦးကလည်း “တိုက်ပွဲတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ် တိုင်းမှာ အရပ်သားတွေဟာ အဲ့လိုမြေဇာပင် ဖြစ်ကြရပါတယ်။ မြန်မာ့သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာ ရော အခုလိုဖြစ်ရပ်မျိုးတွေ ဖြစ်ဖူးပါတယ်။ အဲ့ဒါကို လျော့ချတာတို့၊ မဖြစ်အောင် တားဆီးတာမျိုး လုပ်ဖို့က အတော်ခက်ခဲပါတယ်။ အဓိက ပင်မအရင်းအမြစ်ပြဿနာဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မှာသာ ဒီလိုအရပ်သားသေဆုံးမှုနဲ့ ဖမ်းဆီးခံရမှုတွေကို တားဆီးနိုင် မှာ ဖြစ်ပါတယ်” ဟု မိမိတို့ ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် မှတ်ချက်ပေးခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်းလူမှုဖွံဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေသော အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ ခေါင်းဆောင်တစ်ဦးကလည်း “ရခိုင်ပြည်နယ်အတွင်းမှာ အရပ်သားသေဆုံးမှုတွေ ပိုပိုပြီးများလာတယ်။ ကိန်းဂဏန်းအရ ဘယ်ရွေ့၊ ဘယ်မျှလောက်ဆိုတာကို အဖွဲ့အစည်းအသီးသီးက စနစ်တကျ စောင့်ကြည့် မှတ်တမ်းတင်မှုတွေ ရှိကြပါတယ်။ ဒါပေမယ့့် အဲ့ဒါတွေထက် ပိုအရေးကြီးတာက မသင်္ကာမှုတွေနဲ့ ဖမ်းဆီးခံရတဲ့ လူတွေအားလုံးဟာ တရားဥပဒေအရ ကာကွယ်ပိုင်ခွင့်နဲ့ ဖမ်းဆီးထားတုန်းမှာ ဥပဒေရဲ့ လုပ်ထုံးလုပ်နည်းကနေ သွေဖယ်ပြီး အကြမ်းဖက်စစ်ဆေးမှုတွေရှိနေတဲ့ ကိစ္စတွေဖြစ်ပါတယ်။ မီဒီယာတွေမှာလည်း တွေ့ပါလိမ့်မယ်။ ဘယ်သူကတော့ဖြင့် ဖမ်းဆီးခံရစဉ်အတွင်း စစ်ဆေးရင်း သေဆုံးသွားတာတို့၊ ဖမ်းဆီးစစ်ဆေးခံရအပြီး ဆေးရုံတက်ရတာတို့တွေပေါ့။ ဒီကိစ္စတွေကို ပိုပြီးအာရုံစိုက်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ လုံခြုံရေးအဖွဲ့အစည်းတွေက လုံခြုံရေးကို အကြောင်းပြပြီး အခုလို အရပ်သားတွေကို တရားဥပဒေမဲ့ ဖမ်းဆီး၊ စစ်ဆေးမှုတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်လာပြီဆိုရင် ဒီနိုင်ငံရဲ့အလားအလာက သိပ်ကိုဆိုးရွားသွားနိုင်ပါတယ်။ ရခိုင်ပြည်သူတွေဟာလည်း နိုင်ငံသားတွေပဲ ဖြစ်တဲ့အတွက် သူတို့အတွက် ဥပဒေဆိုင်ရာအကာအကွယ်ပေးမှုတွေ အရေးတကြီး လိုအပ်ပါတယ်။ အဲ့လိုမျိုး ဥပဒေအရ အကာအကွယ်မရှိတာမျိုး များလာရင် သူတို့တွေကပဲ ဒီပဋိပက္ခကြီးထဲကို ဝင်ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် လက်နက်ကိုင်ပဋိပက္ခရဲ့ ပင်မပြဿနာ တွေကို မဖြေရှင်းနိုင်သေးတဲ့ကာလမှာ မသင်္ကာမှုနဲ့ ဖမ်းဆီးတာပဲ ဖြစ်ဖြစ်၊ စစ်ဆေးတာပဲဖြစ်ဖြစ်လုပ်ရင် တရားဥပဒေဘောင်ထဲကပဲ လုပ်ဖို့၊ အရပ်သားအစိုးရအနေနဲ့ ဒီကိစ္စတွေကို သေချာကြပ်မတ်ဖို့ လိုအပ်ပါတယ်” ဟု ဖြေကြားခဲ့ပါသည်။

တပ်မတော်အနေဖြင့် ဖမ်းဆီးစစ်ဆေးရာတွင် ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်ခြင်းများ၊ ဖမ်းဆီး စစ်ဆေးခြင်းများသည် စစ်မြေပြင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ(Rules of Engagement)ကို ကျော်လွန် ပြီး လုပ်ဆောင်ခြင်းများမရှိသည့်အပြင် လူမှုကွန်ရက်များတွင် တွေ့ခဲ့ရသည့် ဗီဒီယိုဖိုင်များသည်လည်း  တပ်မတော်သားများ၏ စိတ်ထွက်ပေါက်အရ ဖြစ်ဟန်တူခဲ့ကြောင်းနှင့် တပ်မတော်တွင် ထိုကဲ့သို့ သုံ့ပန်း များ၊ မသင်္ကာသူများကို ဖမ်းမိတိုင်း ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးရမည်ဟု စည်းကမ်းထုတ်ထားခြင်း မျိုး မရှိဟု တပ်မတော်နှင့် နီးစပ်သည့် သုတေသနအဖွဲ့တစ်ခုက ပြောဆိုခဲ့ပါသည်။ သို့သော် အဆိုပါ ဖြစ်စဉ်ကဲ့သို့သော ဖြစ်ရပ်များ မကြာခဏဖြစ်ပွားနေသည်ကတော့ မေးခွန်းထုတ်ဖွယ်ရာ ဖြစ်ပါသည်။

အထူးသဖြင့် အရပ်သားသေဆုံးမှုများကို အဓိကဖြစ်ပွားစေသော အကြောင်းအရာများထဲတွင် လက်နက် ကြီးများ ရပ်ရွာထဲတွင် ကျရောက်ပြီး ပေါက်ကွဲမှုများဖြစ်ပွားခြင်းကလည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ အဆိုပါလက်နက်ကြီးများပစ်ခတ်မှုကို ပဋိပက္ခထဲတွင် ပါဝင်နေကြသော အစုအဖွဲ့များအနေဖြင့် တာဝန် ခံမှုများ မရှိခြင်း၊ တစ်ဖက်ကို တစ်ဖက် လွှဲချခြင်းများကိုသာ ရံဖန်ရံခါ ကြားရလေ့ရှိပြီး အဆိုပါဖြစ်စဉ် များအတွက် အစိုးရအနေဖြင့် တစ်စုံတစ်ရာ ၀င်ရောက်ပြောဆိုခြင်းကို မတွေ့ရှိရပါ။ သို့သော် မီဒီယာများ တွင် ဖော်ပြသောသတင်းများအရ အချို့သော လက်နက်ကြီးကျည်ကျရောက်မှုများတွင် မည်သည့်အဖွဲ့ အစည်းက သုံးစွဲသော လက်နက်များဖြစ်သည်ကို ဖော်ပြကြသော်လည်း နောက်ဆက်တွဲ တာဝန်ခံမှုများ ကင်းမဲ့နေသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့သော အဖြစ်အပျက်များ၊ အကြောင်းအရာများသည် ပဋိ ပက္ခကို ပိုမိုဆိုးရွားလာစေပြီး ဒေသခံပြည်သူများအနေဖြင့်လည်း နာကြည်းမှု၊ မုန်းတီးမှုစသော စိတ် ခံစားချက်များအပေါ် အရင်းခံလျက် လူမျိုးရေးပဋိပက္ခများဆီသို့ ဦးတည်သွားစေနိုင်ပါသည်။

Myanmar Peace Montior

၃.၂ နေရပ်စွန့်ခွာ စစ်ဘေးရှောင်များတိုးပွားလာခြင်း။

ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက်သည် နေ့စဉ်များပြားလျက် ရှိသည်။ စစ်ဘေးရှောင် ဒုက္ခသည်များသည် စစ်ပွဲကြောင့် မိမိတို့ရပ်ရွာမှ ဘေးကင်းရာဒေသသို့ ပြောင်းရွှေ့၍သော်လည်းကောင်း၊ လုံခြုံသောနေရာများတွင် စစ်ဘေးရှောင်စခန်းများ ဖွင့်လှစ်ပြီး နေထိုင်၍သော်လည်းကောင်း၊ ရပ်ရွာ အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဆွေမျိုးများထံတွင်လည်းကောင်း နေထိုင်လျက် ရှိကြပါသည်။ Rakhine Ethnic Congress (REC)၏ အချက်အလက်များအရ ရခိုင်ပြည်နယ် တစ်ခုလုံးတွင် စစ်ဘေး ရှောင်အရေအတွက် တစ်သိန်းငါးသောင်းကျော်ခန့်ရှိပြီး Relief and Rehabilitation for Chin IDPs -RRCCI၏ အချက်အလက်များအရ ချင်းပြည်နယ် – ပလက်ဝဒေသတွင်လည်း စုစုပေါင်းလူဦးရေ၏ လေးပုံတစ်ပုံခန့်(တစ်သောင်းခွဲ) ရှိသည်ဟု သိရှိရပါသည်။

စစ်ဘေးဒုက္ခသည်များကြုံတွေ့ရသည့် အဓိကပြဿနာများထဲတွင် အစားအစာ၊ သောက်သုံးရေနှင့် လောင်စာရရှိမှု ခက်ခဲခြင်းတို့ပါဝင်သည်။ စစ်ဘေးရှောင်များအတွက် အစားအသောက်များနှင့် အခြား သော အထောက်အပံ့များကို မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ လှူဒါန်းမှုများမှ အဓိကရရှိပြီး အစိုးရအသိအမှတ်ပြုသော စစ်ဘေးရှောင်စခန်းများတွင် အစိုးရ၏ အ ထောက်အပံ့တစ်ချို့ရရှိသည်ဟု အရပ်ဘက်အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်တစ်ဦးက မိမိတို့ ပြုလုပ် သော အင်တာဗျူးတစ်ခုတွင် ပြောဆိုခဲ့ပါသည်။ သို့သော် အဆိုပါအထောက်အပံ့များသည် ကားလမ်းမ ကြီးနှင့်နီးသော စစ်ဘေးရှောင်စခန်းများဆီသို့သာ လွယ်လွယ်ကူကူရောက်ရှိနိုင်ပြီး လမ်းပန်းဆက်သွယ် ရေးခက်ခဲသော စစ်ဘေးရှောင်စခန်းများနှင့် ရပ်ရွာများတွင်မူ အရပ်ဘက်အဖွဲ့အစည်းများနှင့် မြို့ပေါ်ရှိ ရပ်မိ/ရပ်ဖများမှ သွားရောက်လှူဒါန်းမှုများ ပြုလုပ်ကြရပါသည်။ အထူးသဖြင့် ကုလားတန်မြစ်ကြောင်း တစ်လျှောက်တွင် နေထိုင်ကြသော ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများတွင် စစ်တပ်၏ ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့မှုများကြောင့် အထောက်အပံ့များ ရောက်ရှိနိုင်ခြင်းမရှိပေ။ ထို့ကြောင့် ပိတ်မိနေသော ဒေသခံများနှင့် စစ်ဘေးရှောင်များအတွက် အစားအသောက်နှင့် ရိက္ခာများ ပြတ်လတ်မှုများကို မကြာ ခဏဆိုသလို ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါသည်။

ဒုတိယ ကြုံတွေ့ရသော အခက်အခဲများသည် လုံခြုံရေးဖြစ်သည်ဟု သိရှိရပါသည်။ စစ်ဘေးရှောင်များ သည် သူတို့နေထိုင်ရာရပ်ရွာနှင့်နီးသော စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ကာ စစ်ပွဲငြိမ်သက်ချိန်တွင် ရွာအတွင်း ကျန်ခဲ့သောပစ္စည်းများနှင့် အိမ်မွေးတိရိစ္ဆာန်များကို ပြန်လည်ကြည့်ရှု့ကြရသည်ဖြစ်ရာ ရွာသို့ပြန်လည်ကြည့်ရှု့ကြသည့်အခါများတွင် စစ်တပ်မှ ပစ်ခတ်ခြင်းများကို မကြာခဏဆိုသလို တွေ့ရှိရ သည်ဟု စစ်ဘေးရှောင်စခန်းတွင် နေထိုင်လျက်ရှိသည့် ရပ်ရွာခေါင်းဆောင်တစ်ဦးက ပြောပါသည်။

စစ်ဘေးဒုက္ခသည်များအနေဖြင့် အစိုးရဆောက်လုပ်ပေးသော စစ်ရှောင်စခန်းများတွင် နေထိုင်လိုကြ ခြင်း မရှိကြပါ။ အကြောင်းမှာ အစိုးရက သတ်မှတ်ပေးထားသော စစ်ရှောင်စခန်းများသည် ၎င်းတို့၏ ရပ်ရွာများနှင့် အလွန်ဝေးကွာပြီး အဆိုပါစစ်ရှောင်စခန်းများမှ ၎င်းတို့၏ လယ်ယာမြေများဆီသို့ သွား ရောက်သောအခါ မြေမြုပ်မိုင်းနင်းမိခြင်း စသည်တို့ကို ကြုံတွေ့ရပါသည်။ ထို့အပြင် စစ်ဘေးရှောင်စခန်း များကို စစ်တပ်မှ အချိန်မရွေး ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိသောကြောင့် စစ်ဘေးရှောင်ဒုက္ခ သည်များ(အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များ)အနေဖြင့် လုံခြုံမှုမရှိဟု ခံစားရကြောင်း သိရှိရပါသည်။

ချင်းပြည်နယ်တွင် စစ်ဘေးဒုက္ခသည်များအရေးလှုပ်ရှားသူတစ်ဦးက “စစ်ဘေးရှောင်တွေက စစ်တပ်ကို ရော၊ ရက္ခိုင့်တပ်တော်ကိုရော ကြောက်ကြတယ်ပေါ့လေ။ ရက္ခိုင့်တပ်တော်ဘက်က အရပ်သားတွေကို ပစ်ခတ်တာမျိုးတော့ မကြုံရသော်လည်း တစ်ဖက်စစ်တပ်က ပစ်ခတ်တာတွေကိုတော့ ခဏ၊ ခဏလို ကြုံရတယ်။ ဒါပေမယ့် နောက်တစ်ခုက စစ်တပ်ဘက်ကပစ်ရင် အစိုးရကို တိုင်လို့ရတယ်။ ရက္ခိုင့်တပ် တော်ဘက်က ပစ်ရင် ဘယ်သူ့ကို တိုင်ရမှန်းမသိတာမျိုးတွေ ဖြစ်တာပေါ့။ အရေးယူတာ မယူတာက နောက် ပြဿနာပေါ့ဗျာ” ဟု မိမိတို့ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါသည်။

ထို့အပြင် စစ်ဘေးဒုက္ခသည်များသည် ကျန်းမာရေး၊ ပညာရေးနှင့် ပတ်သက်ပြီး အခက်အခဲများစွာ ကြုံ တွေ့ရသည်ဟု သိရှိရပါသည်။ စစ်ဘေးရှောင်ဒေသများတွင် ဆေးရုံ၊ ဆေးခန်း၊ ဆေးဝါးပစ္စည်းများ လုံလောက်မှုမရှိသည့်အပြင် ကျန်းမာရေးဝန်ထမ်းများ၏ လုံခြုံရေးသည်လည်း စိုးရိမ်ဖွယ်အနေအထား ရှိကြောင်းကို တွေ့မြင်ရပါသည်။ မြန်မာ့တပ်မတော်၏ သွားလာရေး ကန့်သတ်ထားမှုကြောင့် မြို့ပေါ်ရှိ ဆေးရုံများတွင် အချိန်မီရောက်ရှိနိုင်ခြင်းမရှိဘဲ သေဆုံးသွားသည့်ဖြစ်စဉ်များကိုလည်း ရံဖန်ရံခါ ကြားသိ ရပါသည်။ ယခု Covid-19 သည် တစ်ကမ္ဘာလုံးတွင် ပျံ့နှံ့လျက်ရှိပြီး ကြောက်ရွံ့ဖွယ်ရာဖြစ်နေသော် လည်း စစ်ဘေးရှောင်များတွင်မူ Covid-19ကပ်ရောဂါကို ဂရုမစိုက်နိုင်ဘဲ နေ့စဉ်စားဝတ်နေရေးနှင့် အသက်ရှင်သန်ရေးကိုသာ ဂရုစိုက်နေရသည်ဟု သိရှိရပါသည်။ ထို့အပြင် ပညာရေးဌာနများတွင်လည်း ကျောင်းဆရာ/မများအနေဖြင့် စစ်ပွဲများကြောင့် ကျောင်းတက်ရာတွင် အခက်အခဲများ ကြုံတွေ့ရသည် ဟု သိရှိရပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ကျောင်းဆရာ/မ (၁၀၀) ကျော်သည် စစ်ပွဲကြောင့် ပြောင်းရွှေ့ခွင့် တင်ကြသည်ဟု မီဒီယာများတွင် ဖော်ပြချက်အရ သိရှိရပါ သည်။ ရခိုင်ပြည်နယ်တွင်လည်း စစ်ပွဲများကြောင့် ကျောင်းပြန်ဖွင့်ရန် မသေချာသည့်အနေအထားတွင် ရှိနေပြီး မိဘများသည်လည်း ကလေးများ၏လုံခြုံရေးအတွက် အထူးပင် စိုးရိမ်မှုများရှိသည်ဟု သိရှိရ ပါသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် – ပလက်ဝဒေသတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများသည် မည်သည့်အချိန်တွင် ပြီးဆုံးမည်ကို မသိရှိရသော်လည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် – ပလက်ဝဒေ သတွင် စစ်ဘေးရှောင်ဒုက္ခသည်များအရေးကို မလွဲမသွေဖြေရှင်းရန် လိုအပ်လာမည်ဖြစ်ပါသည်။

ထို့ကြောင့် ကချင်ပြည်နယ် စစ်ဘေးရှောင်အရေးကို တစ်စိုက်မတ်မတ်လုပ်ဆောင်ခဲ့သော အရပ်ဘက် အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးက “ကချင်ပြည်နယ် အတွေ့အကြုံအရပြောရရင် အစပိုင်းမှာ အရမ်းခက်ခဲပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ကို အစိုးရကလည်း မယုံဘူး။ နိုင်ငံတကာအဖွဲ့တွေက လည်း မယုံဘူးပေါ့ဗျာ။ အဲ့တော့ အချိန်အကြာကြီး သူတို့နဲ့ ရင်းနှီးမှု၊ ယုံကြည်မှု တည်ဆောက်ရတယ်။ အဲ့လိုတည်ဆောက်တဲ့အခါမှာလည်း အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ လူသားချင်း စာနာထောက် ထားမှုလုပ်ငန်းကို ဇောက်ချလုပ်ကိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ပိုပြီး နားလည်ကျွမ်းဝင်တာမျိုးတွေ၊ ယုံကြည်တာမျိုးတွေ ဖြစ်လာပြီး စစ်ဘေးရှောင်အရေးကို သေချာကူညီနိုင်မှာ ဖြစ်ပါတယ်” ဟု မိမိတို့ပြု လုပ်သော အင်တာဗျူးတွင် ဖြေကြားခဲ့ပါသည်။

Photo- ၂၀၁၉ ခုနှစ် အစိုးရနှင့် မြောက်ပိုင်း လေးဖွဲ့ ကိုယ်စားလှယ်များ၏ ကျိုင်းတုံဆွေးနွေးပွဲ
၃.၃ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် – ပလက်ဝဒေသတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းပေးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေး ခြင်းသာဖြစ်ကြောင်း စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူများသာမက နယ်ပယ်စုံမှ ပညာရှင်များက ထောက်ပြလေ့ ရှိကြပါသည်။ သို့သော် လက်တွေ့အခြေအနေတွင်မူ အစိုးရ၊ တပ်မတော်နှင့် ရက္ခိုင့်တပ် တော်တို့အကြား အားရဖွယ်ရာတွေ့ဆုံဆွေးနွေးမှုများ မရှိခဲ့ပါ။ ဆွေးနွေးပွဲများကို ပြန်ကြည့်မည်ဆိုပါက ၂၀၁၇ခုနှစ် မေလတွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ပိုင်း(၇)ဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး အစိုးရ၏ နိုင်ငံရေးရပ်တည်ချက်များကို ပြောကြားခဲ့သည်။ ထို့အပြင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် မြောက်ပိုင်း(၇)ဖွဲ့တို့ တွေ့ဆုံရန် အစိုးရက စီစဉ်ဆောင်ရွက်နေသည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး မစတင်မီ ပြောကြားခဲ့ပြီး အဆိုပါအစည်းအဝေးကာလတွင်လည်း တွေ့ဆုံခဲ့ကြပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစုပင်လုံ (တတိယအကြိမ်)အပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လ တွင် တပ်မတော်နှင့် မြောက်ပိုင်းစစ်ရေးမဟာမိတ်အဖွဲ့များ ထပ်မံတွေ့ဆုံရန် လျာထားခဲ့ကြသော်လည်း တွေ့ဆုံပွဲကို ရွေ့ဆိုင်းခဲ့ကြပါသည်။ ထို့နောက်တွင် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့နှင့် ငြိမ်းချမ်းရေး ကော် မရှင်တို့သည် တရုတ်နိုင်ငံ ကူမင်မြို့တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ ကြပြန်ပါသည်။ ၂၀၁၉ ခုနှစ်တွင်မူ အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ မဖြစ်မြောက်ခဲ့ဘဲ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များအနေဖြင့်သာ ဇွန်လတွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဌာနချုပ်အခြေစိုက်ရာ ပန်ဆန်းမြို့တွင် တွေ့ဆုံခဲ့ကြ ပါသည်။ ၂၀၂၀ခုနှစ်တွင် အစိုးရ၊ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တွေ့ဆုံခြင်းမရှိဘဲ တပ်မတော်၏ အပစ်အခတ်ရပ်စဲရေးကာလများတွင်လည်း ရခိုင်ပြည်နယ်အား အမြဲတမ်း ချန်လှပ်ထားခဲ့ သည်ကို တွေ့ရပြီး တိုက်ပွဲများသာ ပိုမိုပြင်းထန်လာခဲ့ပါသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ဖြစ်မြောက်စေရန်အတွက် အဓိကကျသော အရာမှာ နိုင်ငံရေးစိတ်ဆန္ဒ (Political Will)ပင် ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ  အာဏာ ရရှိလာသည့်အချိန်တွင် ယခင်အစိုးရ အကောင်အထည်ဖော်ခဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များအတိုင်း ဆက်လက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ အကောင်အထည်ဖော် ဆောင်ရွက်သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် များကို ပြောင်းလဲခဲ့သော်လည်း ပိုမိုကောင်းမွန်သည့် ရလဒ်များထွက်ပေါ်လာခြင်းမရှိသည်မှာ သတိပြု ဖွယ်ရာဖြစ်သည်။ ထို့အပြင် အရပ်သားအစိုးရနှင့် တပ်မတော်အကြားမှ ဆက်ဆံရေးသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် အရေးကြီးသော အကြောင်းအရာတစ်ခု ဖြစ်ပါသည်။ သို့သော် အစိုးရအနေဖြင့် ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်သည့်အချိန်မှ စတင်ပြီး ရက္ခိုင့်တပ်တော် နှင့်အစိုးရ၊ တပ်မတော်တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများသည် ရှေ့တိုးရန်ခက်ခဲသည့် အနေအ ထားသို့ ရောက်ရှိခဲ့လေသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်တစ်ဦးက “အစိုးရနဲ့ တပ်မ တော်အနေနဲ့ ရက္ခိုင့်တပ်တော်အပေါ် နိုင်ငံရေးအရ ဘယ်လိုသဘောထားလဲပေါ့။ ဒါက သိပ်အရေးကြီး တယ်။ စစ်တပ်အနေနဲ့လည်း ရက္ခိုင့်တပ်တော်ရဲ့တည်ရှိမှုကို လိုင်ဇာမှာပဲ အသိအမှတ်ပြုမယ်ပြော လိုက်၊ အသိအမှတ်မပြုတော့ဘူး ပြောလိုက်၊ ရခိုင်ပြည်မှာ တပ်စွဲခွင့်မပေးဘူးပြောလိုက် စသည်ဖြင့် ဟိုပြော၊ ဒီပြော ပြောနေတာထက်စာရင် အစိုးရက ကြားထဲကနေ စစ်ရေးပြဿနာပုံစံမျိုးမဟုတ်ဘဲ နိုင်ငံရေး ပြဿနာဆိုတာကို အရင်ဆုံး အသိအမှတ်ပြုရမယ်။ ဒါမှ ရှေ့ဆက်ဆွေးနွေးလို့ ရမယ်။ အခု ကြည့်လိုက် စစ်တပ်ကရော၊ အစိုးရရော အသိအမှတ်ပြုတာ၊ မပြုတာ အသာထား လက်တွေ့မှာ ရက္ခိုင့် တပ်တော်က ရခိုင်ပြည်တစ်နှံတလျားမှာ စစ်ဆင်ရေးတွေလုပ်ပြီး တည်ရှိမှုကို သက်သေပြနေပြီ” ဟု BNI က ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ဖြေဆိုခဲ့ပါသည်။

ထို့အပြင် ၎င်းက “ပထမတော့ အရပ်သားအစိုးရကို တကယ်မျှော်လင့်ခဲ့တယ်ဗျာ။ လက်နက်ကိုင်အဖွဲ့ အစည်းတွေကြားထဲကို ဝင်ပြီး ဖြေရှင်းပေးနိုင်တဲ့ ပုံစံမျိုးအနေနဲ့ ရှိနေမယ်ဆိုပြီးတော့ပေါ့လေ။ ဒါပေ မယ့် အရပ်သားအစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုကို အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်၊ စစ်ဆင်ရေးထဲက စစ်သားတွေကို သူရဲကောင်းလိုချီးကျူးတာမျိုးတွေ တွေ့လိုက်ရ တော့ သူတို့ ပြောပြောနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ တိုင်းရင်းသားတွေအတွက် မဟုတ် ဘူးဆိုတာ သေချာ သိသွားတာပါပဲဟု ဆက်လက် ပြောဆိုပါသည်။

ထို့အပြင် လက်နက်ကိုင်ပဋိပက္ခများကို ရပ်တန့်ရန်အတွက် အရေးပါသည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများဖြစ်ပေါ်ရန်အတွက် အလွတ်သဘော တွေ့ဆုံမှုများသည်လည်း အရေးပါ လှပါသည်။ အစိုးရအနေဖြင့် နိုင်ငံရေးစိတ်ဆန္ဒအပြည့်ဖြင့် ပဋိပက္ခတွင်ပါဝင်နေသည့် လက်နက်ကိုင် အစုအဖွဲ့အားလုံးနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်ရန် အပူတပြင်း လိုအပ်ပါသည်။ ထိုကဲ့သို့ နိုင်ငံရေးစိတ်ဆန္ဒရှိရန်ဆိုသည်မှာလည်း ယခုဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကို အမျိုးသားလုံခြုံရေးအမြင်မျိုးမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရတို့အကြား နိုင်ငံရေး တန်းတူခွင့်၊ အမျိုးသားရေးတန်းတူခွင့် အစရှိသည့် ဖယ်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်လိုခြင်း ဟူသော အမြင်မျိုးဖြင့် ချဉ်းကပ်ရန် လိုအပ်ပါသည်။ သို့မှသာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ထားမှုများကို ပြန်လည်ပယ်ဖျက်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကိစ္စများ၊ အပစ်အခတ်ရပ်စဲရေး ကိစ္စများအတွက် လမ်းစပြန်လည်ပွင့်နိုင်မည်ဖြစ်ပါသည်။ သို့မဟုတ်ပါက ရခိုင်ပြည်နယ်နှင့် ချင်းပြည် နယ် – ပလက်ဝဒေသတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများသည် ပိုမိုဆိုးရွားသည့် အခြေ အနေများသို့ ရောက်ရှိသွားနိုင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန်ပင် နောက်ကျသွားနိုင်ပါသည်။

၃.၄ အင်တာနက်ဖြတ်တောက်မှုနှင့် သတင်းလွတ်လပ်ခွင့်များ။

ရခိုင်ပြည်နယ်ထဲမှ မြို့နယ်အများစုနှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသတို့ကို အင်တာနက်လိုင်း ဖြတ် တောက်ထားခဲ့သည်မှာ ၂၀၂၀ ခုနစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် (၁) နှစ် ပြည့်မြောက်သွားခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ ဖြတ်တောက်ထားရခြင်းမှာ အစိုးရအနေဖြင့် အများပြည်သူအကျိုးစီးပွားအတွက်ဟုအကြောင်း ပြချက်ပေးသော်လည်း တပ်မတော်၏ စစ်ရေးရည်ရွယ်ချက်များအတွက် ဖြတ်တောက်ရခြင်းဖြစ်သည်ဟု အများစုက ဝေဖန်ကြပါသည်။ မြန်မာ့တပ်မတော်အနေဖြင့် ရက္ခိုင့်တပ်တော်အပေါ်တွင် စစ်ရေး အသာစီး ရယူလိုမှုကြောင့် ယခုကဲ့သို့ အင်တာနက်လိုင်း ဖြတ်တောက်ရခြင်းဖြစ်သည်ဟု ယူဆကြပြီး အဆိုပါလုပ်ရပ်ကြောင့် မြန်မာ့တပ်မတော်အနေဖြင့် ရက္ခိုင့်တပ်တော်၏ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်နိုင်ခြင်းမရှိကြောင်းကို သုံးသပ်မှုများလည်း တွေ့ရှိရပါသည်။

အင်တာနက်လိုင်း ဖြတ်တောက်မှု၏ ဆိုးကျိုးများကို အဓိကခံစားရသူများမှာ အရပ်သားပြည်သူများ ဖြစ်ပါသည်။ အထူးသဖြင့် စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရမှုများ၊ မတရားသဖြင့် ဖမ်းဆီးခံရ မှုများ၊ စားနပ်ရိက္ခာပြတ်တောက်မှုများနှင့် အိုးအိမ်စည်းစိမ်များ ဖျက်ဆီးခံရမှုများ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုများ အစရှိသော လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို သတင်းမီဒီယာများတွင် တိကျစွာ ဖော်ပြနိုင်ခြင်း လျော့နည်းလာရခြင်းတို့မှာ အဆိုပါ အင်တာနက်လိုင်း ဖြတ်တောက်ထားမှု၏ နောက်ဆက်တွဲ အကျိုးဆက်များပင် ဖြစ်သည်။ ထို့အပြင် စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးဆိုင်ရာ အရေးအရာများတွင်လည်း ရခိုင်ပြည်သူများနှင့် ချင်းပြည်နယ် – ပလက်ဝဒေသမှ ပြည်သူများအနေဖြင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရမှု၏ အကျိုးဆက်ကို ခံစားရပါသည်။

ရခိုင်ပြည်နယ် အခြေစိုက် သတင်းသမားတစ်ဦးက “ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက် ထားလို့ အဓိက ဆိုးကျိုးခံစားရတာက ပြည်သူလူထုတွေပါပဲ။ ကျွန်တော်တို့ သတင်းသမားတွေဆိုရင် အရင်တုန်းက သတင်းရယူပြီးရင် ဘယ်နားကနေနေ မိခင်သတင်းဌာနကို ပေးပို့လို့ ရတယ်။ အခုကျ တော့ စစ်တွေကို ရောက်အောင် သွားတာတို့၊ ဒါမှမဟုတ် အဲ့ဒီသတင်းအရင်းအမြစ်တွေကို လူကြုံနဲ့ ပေးပို့တာတို့ လုပ်ရတယ်။ အဲ့လိုလုပ်တော့ ကျွန်တော်တို့အတွက် အရမ်းအန္တရာယ်များပါတယ်။ တစ်မြို့ ကနေ နောက်တစ်မြို့ကို ကူးသန်းရတာ ရခိုင်ပြည်မှာ အခုက အန္တရာယ်အများဆုံးလို့တောင် ပြောလို့ရ ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့(တပ်မတော်)က ခရီးသွားတွေရဲ့ လက်ကိုင်ဖုန်းတွေကို အကုန်စစ် တယ်။ မတော်တဆများ တစ်ခုခု အမှတ်တမဲ့ သိမ်းထားမိတာများရှိရင် သွားပြီပေါ့။ အဲ့တော့ ကျွန်တော် တို့လို သတင်းသမားတွေအတွက်က အရမ်းအန္တရာယ် များပါတယ်။ ပြီးတော့ ကုန်ကျစားရိတ်ပေါ့။ အရင် တုန်းကတော့ ဘယ်နားကနေနေ ပို့လိုရတယ်ဆိုပေမယ့် အခုကျတော့ စစ်တွေကို ရောက်အောင်သွားရ တော့၊ ကုန်ကျစားရိတ်တွေ ပိုကုန်ပါတယ်။ ဒါက သတင်းသမားတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲ တွေပဲ ရှိပါသေးတယ်။ တခြားသော သတင်းယူတာမျိုးတွေအတွက်ဆိုရင်လည်း ကျွန်တော်တို့မှာ အခက်အခဲ အများကြီးရှိပါတယ်”ဟု မိမိတို့ အင်တာဗျူးတစ်ခုတွင် ဖြေဆိုခဲ့ပါသည်။

ထို့အပြင် အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးကလည်း “ကျွန်တော်တို့ ပြည်သူ့အကျိုးပြု လုပ် နေတဲ့ စီမံကိန်းတွေ တော်တော်များများ ရပ်ဆိုင်းထားရတယ်။ ကျွန်တော်တို့မှာဆိုရင် တခြားမြို့တွေမှာ ရုံးခွဲတွေ ရှိတယ်။ အခု အင်တာနက်မရတော့ ဆက်သွယ်ရတာ၊ အလုပ်လုပ်ရတာ အင်မတန်မှ ခက်ခဲပါ တယ်။ ပြီးတော့ စီးပွားရေးလုပ်ကိုင်နေကြတဲ့ သာမာန်ပြည်သူတွေဆိုရင် ငွေလွှဲ၊ ငွေထုတ်တာကအစ စစ်တွေကို သွားရတယ်။ ပိုက်ဆံထုတ်ကြီး ကိုင်ပြီး ပြန်ရတာ လုံးဝ မလုံခြုံဘူး။ ပြီးတော့ လူငယ်တွေ အင်တာနက်မရှိတော့ ဘာသတင်းအချက်အလက်မှ မရတော့ဘူး။ အရင်တုန်းကတော့ အင်တာနက် မရှိဘဲ နေထိုင်ရှင်သန်ခဲ့ရတယ်ဆိုပေမယ့် အခုကျတော့ အင်တာနက်က လူသားတွေရဲ့ အခြေခံလိုအပ် ချက်လို့တောင် ဖြစ်နေပြီမဟုတ်လား။ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးကအစ အင်တာနက် ပေါ်ကနေ အလုပ်လုပ်နေကြရပြီလေ။ ရခိုင်မှာက လူငယ်တွေ၊ သား/သမီးတွေက နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ကြရတာ များတယ်။ အခုလို ကိုဗစ်ဖြစ်နေတဲ့အချိန်မှာ မိဘတွေက သားသမီးတွေ အဆင်ပြေရဲ့လား၊ သားသမီးတွေကလည်း မိဘတွေ စစ်ပွဲကြားတွေမှာ အဆင်ပြေကြရဲ့လား သိချင်ကြ တယ်။ ဒါပေမယ့် အင်တာနက်မရတော့ အဆက်အသွယ် အရင်လိုလုပ်ရတာ မလွယ်ကူတော့ဘူး။ ဒီကြားထဲ မြို့ပေါ်ကိုသွားရင် အစစ်အဆေးက ခံရသေးတယ်။ တစ်ခုခု မသင်္ကာစရာတွေ့လိုကတော့ နောက်ဆက်တွဲ ပြဿနာတွေ မတွေးရဲဘူး။ အင်တာနက် ဖြတ်တောက်ခံထားရတာ ရခိုင်ပြည်သူလူထု အတွက်ကတော့ အတော်ကြီးဆုံးရှုံးမှုတွေ များပါတယ်” ဟု ဖြေဆိုခဲ့ပါသည်။

ထို့အပြင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် – ပလက်ဝဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခများအတွက် ရက္ခိုင့်တပ်တော်ထံ သတင်းအင်တာဗျူးများပြုလုပ်သော သတင်းဌာနများကိုလည်း  မတရားအသင်း ဆက်သွယ်မှုပုဒ်မများ၊ အကြမ်းဖက်တိုက်ဖျက်မှုဥပဒေပုဒ်မများ အစရှိသည်တို့ဖြင့် တရားစွဲဆိုမှုများ၊ ဖမ်းဆီးမှုများကို ပြုလုပ်သည်ကို တွေ့ရှိရပါသည်။ ထို့အပြင် အင်တာနက်လိုင်း ဖြတ်တောက်ထားမှု တစ်နှစ်ပြည့်အတွက် လှုပ်ရှားကြသော တက်ကြွလှုပ်ရှားသူအချို့မှာလည်း တရားစွဲဆိုမှုများ ပြုလုပ်ခံ ထားရသည်ကို တွေ့မြင်ရပါသည်။

ထိုကဲ့သို့သော သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းများကို အစိုးရအနေဖြင့် ကန့်သတ်ဆောင်ရွက်လာခြင်းမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကောင်းမွန်သော လက္ခဏာ ရပ် မဟုတ်ပေ။ ပြည်သူများအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများနှင့် ပတ်သက်ပြီး ပါဝင်သော အစုအဖွဲ့ များ၏ အသံကို နားစွင့်နိုင်သည်ဟူသော အခွင့်အရေးရှိသည့်အပြင်၊ သတင်းဌာနများအနေဖြင့်လည်း ဘက်လိုက်မှုကင်းသော သတင်းများ ထုတ်လုပ်နိုင်ရေးအတွက် မျှတသော သတင်းရယူမှုများဖြစ်စေရန် အရေးကြီးလှပါသည်။ သို့သော် ယခုကဲ့သို့ သတင်းမီဒီယာများ၏ လွတ်လပ်ခွင့်များကို ကန့်သတ်နှောက်ယှက်မှုကြောင့် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်သည် အနှုတ်လက္ခဏာဆောင် သည့်အခြေအနေသို့ ရောက်ရှိနေပါသည်။

၄။ နိဂုံး

အချုပ်အားဖြင့်ဆိုရသော် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် – ပလက်ဝဒေသတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများသည် မသေချာမှု၊ မရေရာမှုများနှင့် ပြည့်နှက်နေပြီး တစ်စထက်တစ်စ ဆိုးရွား လျက်ရှိပါသည်။ အထူးသဖြင့် အဆိုပါဒေသများတွင် တိုက်ပွဲများကို ရပ်ဆိုင်းနိုင်ခြင်းမရှိပါက စစ်ဘေး ရှောင်အရေအတွက် ပိုမိုများပြားလာမည်ဖြစ်သည့်အပြင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် – ပလက်ဝ ဒေသ၏ လူမှုစီးပွားအကြပ်အတည်းကို ပိုမိုဖြစ်ပွားစေမည်ဖြစ်သည်။ အဆိုပါအကြပ်အတည်းများသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် – ပလက်ဝဒေသတို့ကိုသာ ရိုက်ခတ်မှုများရှိနေမည် မဟုတ်ဘဲ ပဋိပက္ခ ကြောင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး အစရှိသော မျက်နှာစာများ တွင်ပါ ရိုက်ခတ်မှုများ ဖြစ်လာနိုင်ပါသည်။ အထူးသဖြင့် Covid – 19 ကြောင့် ကမ္ဘာလုံးချီသည့် စီးပွား ပျက်ကပ်ဖြစ်ပွားနေသည့် အချိန်တွင် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးပြဿနာများသာမကဘဲ အဆိုပါ ပဋိပက္ခများ၏ နောက်ဆက်တွဲပြဿနာများဖြစ်နိုင်သည့် တိုင်းရင်းသားဒေသများတွင် နိုင်ငံရေးဆိုင်ရာ မကျေလည်မှုများ ကြီးထွားလာခြင်း၊ စစ်ဘေးရှောင်များအတွက် လူသားချင်းကူညီစောင့်ရှောက်မှုများ အရေးတကြီးလိုအပ်လာခြင်း၊ နိုင်ငံ၏ ဘဏ္ဍာရေးလိုငွေ များပြားလာခြင်း၊ လူသားရွှေ့ပြောင်းမှုများမှ တဆင့် လူကုန်ကူးမှု/ မူးယစ်ဆေးဝါးအစရှိသည့် နယ်စပ်ဖြတ်ကျော်ပြဿနာများ ပိုမိုများပြားလာခြင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ကျဆင်းလာခြင်း၊ နိုင်ငံတကာအသိုင်းအဝန်းမှ အရေးယူပိတ်ဆို့မှုများ ပိုမို များပြားလာခြင်း အစရှိသည့် ပြဿနာများကို ရင်ဆိုင်လာရဖွယ်ရှိပါသည်။

နိုင်ငံတွင်း မတည်ငြိမ်မှုများသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုပါ ရိုက်ခတ်မှုများ ရှိနိုင်သော ကြောင့် လက်နက်ကိုင်ပဋိပက္ခများသည် လုံခြုံရေးအမြင်သက်သက်ဖြင့် ဖြေရှင်းရမည့် ပြဿနာမဟုတ် ကြောင်းကို အစိုးရအနေဖြင့် သိရှိ၊ နားလည်၊ လက်ခံရန် လိုအပ်ပါသည်။ ပြည်ထောင်စုသရုပ်သကန် တည်ဆောက်ခြင်း (Nation Building)အတွက် အရေးကြီးသည့် လူမှုသဟဇာတဖြစ်ရေး (Social Cohesion)သည် ယခု ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် – ပလက်ဝဒေသတွင် ဖြစ်ပွားနေသည့် လက်နက် ကိုင်ပဋိပက္ခကို ဖြေရှင်းရာတွင် ထည့်သွင်းစဉ်းစားသင့်သော အဓိကအကြောင်းအချက်တစ်ခုလည်း ဖြစ်ပါသည်။ လူမျိုးရေးအသွင်ဆောင်လာသော ပဋိပက္ခများ မဖြစ်ပေါ်စေရေးအတွက် အစိုးရအနေဖြင့် ကြိုတင်ပြီး တွေးဆထားရန် လိုအပ်ပါသည်။ ထိုသို့ကြိုတင်ကာကွယ်ရာတွင်လည်း အင်အားကို အသုံး ပြုပြီး ဖြေရှင်းခြင်းထက် တရားနည်းလမ်းကျသော တွေ့ဆုံဆွေးနွေးခြင်းများ၊ စစ်မှန်သော နိုင်ငံရေး စိတ်ဆန္ဒများဖြင့် စေ့စပ်ညှိနှိုင်းခြင်းများ၊ စနစ်ကျသော အစုအဖွဲ့များဖွဲ့စည်းပြီး အလွတ်သဘော တွေ့ဆုံခြင်းများ ပြုလုပ်နိုင်ရန် လိုအပ်ပါသည်။

ထို့အပြင် ၂၀၂၀ ခုနှစ်၊ နို်ဝင်ဘာ (၈)တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သတ်ပြီး ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတွင် ရွေးကောက်ပွဲများ မပြုလုပ်နိုင်မည်ကို စိုးရိမ်မှုများ ရှိကြ သော်လည်း ယခုအခါ ရွေးကောက်ပွဲများ ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အရ သိရှိရပါသည်။ သို့သော် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာရုံနှင့်မပြီးဘဲ လွတ်လပ်ပြီး တရားမျှတ သော ရွေးကောက်ပွဲ၏ နောက်ဆက်တွဲ ကိစ္စများဖြစ်သည့် မဲဆွယ်စည်းရုံးမှုများ၊ မဲစာရင်းစစ်ဆေးမှုများ၊ မဲပေးခြင်းများ၊ မဲရလဒ် ရေတွက်ခြင်းများ၊ မဲရလဒ်ကြေညာကြော်ငြာခြင်းများကို ပြုလုပ်နိုင်ရန် ပိုမိုပြီး အရေးကြီးလှပါသည်။ အဆိုပါကိစ္စရပ်များပြုလုပ်နိုင်ရန်အတွက် တိုက်ပွဲများရပ်စဲရန် လိုအပ်ပါသည်။ သို့မှသာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လုံခြုံသော ပတ်ဝန်းကျင်တွင် မဲထည့်ခြင်းကို လုပ်ဆောင် နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် အဆိုပါနောက်ဆက်တွဲကိစ္စများကို လက်နက်ကိုင် ပဋိပက္ခတွင် ပါဝင်နေကြသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြောဆိုဆွေးနွေးရန် လိုအပ်ပါသည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့် နိုင်ငံရေးအရွေ့သည် ယခုရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် – ပလက်ဝ ဒေသတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများအပေါ် များစွာရိုက်ခတ်မှု ရှိနိုင်ပါသည်။ ရခိုင် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲနှင့် ပါတီနိုင်ငံရေးအပေါ်တွင် စိတ်ပါဝင်စားမှု နည်းပါးသော်လည်း ရွေးကောက်ပွဲဖြင့် တက်လာမည့် အစိုးရနှင့် ရခိုင်ပြည်နယ်တွင် အများဆုံးအနိုင်ရရှိမည့် နိုင်ငံရေးပါတီ များအတွက် အဆိုပါပဋိပက္ခများကို ရပ်တန့်နိုင်သည့် နိုင်ငံရေးအခင်းအကျင်းအသစ်တစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင်ပါသည်။

အကြောင်းမူ စစ်ပွဲများ၊ သေဆုံးမှုများ၊ အနိဌာရုံများဖြင့် စိတ်ပျက်ညည်းညူနေကြသည့် ရခိုင်ပြည်သူ များ၏ ဘဝနှင့် စိတ်ခံစားမှုများကို အပြုသဘောဆောင်ပြီး အနာဂတ်ကို မျှော်ကြည့်နိုင်သည့် နိုင်ငံရေး ရပ်ဝန်းတစ်ခုကို ဖန်တီးပေးနိုင်သည့် အခွင့်အလမ်း ရှိလာနိုင်သောကြောင့် ဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရ၏ နို်င်ငံရေးသဘောထားကြီးမှုများ၊ တိုင်းရင်းသားများအပေါ်ထားရှိသော အမျိုး သားရင့်ကြားစေရေး မူဝါဒများသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ကို လျော့ပါစေနိုင်သည့် အနေအထားတွင် ရှိနေဆဲပင် ဖြစ်သည်။ သို့သော် အဆိုပါအနေအထားသည် အချိန်အတိုင်းအတာတစ်ခုအတွင်းတွင်သာ ရှိနေမည်ဖြစ်ပြီး အချိန်မီပြန်လည် ကြိုးစားခြင်းမပြုမူပါက ယခုအခြေအနေထက် ပိုမိုဆိုးရွားသော အနေအထားတစ်ခုဆီသို့ ဦးတည်သွားမည်ကို အထူးပင် သတိ ထားသင့်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အရပ်ဘက် – စစ်ဘက် ဆက်ဆံရေး အခြေအနေများသည် မြန်မာ့နိုင်ငံရေး၏ အစိတ်အပိုင်း အားလုံးအပေါ်တွင် လွှမ်းမိုးမှုရှိနေဆဲဖြစ်ပြီး ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲနှင့် ဖြစ်ပေါ်လာ မည့် ချိန်ခွင့်လျှာနှစ်ခုကို အစိုးရအနေဖြင့် သတိကြီးစွာ ထားပြီး ထိန်းညှိရန် လိုအပ်ကြောင်း ယခု ဆန်းစစ်လေ့လာမှုစာစောင်မှ တင်ပြတိုက်တွန်းအပ်ပါသည်။

BNI – Myanmar Peace Monitor သည် တိုင်းရင်းမီဒီယာ (၁၆)ခုဖြင့် ဖွဲ့စည်းထားသည့် Burma News International ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်လေ့လာစောင့်ကြည့်နေသည့် အဖွဲ့ဖြစ်ကာ ၂၀၁၃ခုနှစ်မှ စတင်ကာ ငြိမ်းချမ်းရေးဆိုင်ရာ ရည်ညွှန်းအကိုးအကားစာအုပ်များ ထုတ်ဝေလျက်ရှိပါသည်။ ယခုလေ့လာဆန်းစစ်မှုစာတမ်းအား ကူးယူဖော်ပြခွင့်ပြုသည့် BNI – Myanmar Peace Monitor အဖွဲ့သားများကို အထူးကျေးဇူးတင်ပါသည်။

By JIS.DIGITAL

Leave a Reply

Your email address will not be published. Required fields are marked *