June 18, 2021

JIS.DIGITAL

JOURNALIST – IMPARTIAL STORY

နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ ဘာ အရေးကြီးဆုံးလဲ

၃၁ ဒီဇင်ဘာ ၂၀၂၀

နိုင်ငံတစ်နိုင်ငံ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဲဒီနိုင်ငံအတွင်းမှာ ရှိတဲ့ နိုင်ငံသူ/သားတွေဟာ နည်းလမ်းမျိုးစုံ စဉ်းစားပြီးတော့ မူဝါဒတွေ ချမှတ် အကောင်အထည်ဖော်လေ့ရှိပါတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စစ်ရေး စတဲ့ အခန်းကဏ္ဍတွေအပြင် တခြား အခန်းကဏ္ဍတွေကို မူဝါဒတွေ ချမှတ်၊ ပြီးရင် ဥပဒေနဲ့ လုပ်ထုံး လုပ်နည်းတွေကို ပြဋ္ဌာန်း၊ စနစ်တွေကို အကောင်အထည်ဖော်ပြီးတော့ ဆောင်ရွက်လေ့ရှိကြပါတယ်။

အခု မြန်မာနိုင်ငံဟာလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ အဲလို ကြိုးပမ်းတဲ့အခါမှာ ပထမဆုံး နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ကို ရပ်စဲ/ ချုပ်ငြိမ်း အောင်လုပ်ရမယ်။ ပြီးရင်တော့ ပြည်တွင်းစစ်ကို ဖြစ်ပွားစေတဲ့ အကြောင်းတရားတွေကို ဖြေရှင်းရမယ်ပေါ့။

ဒီလို ပြည်တွင်းစစ် ရပ်စဲ/ချုပ်ငြိမ်းအောင် လုပ်နိုင်ပြီးဆိုရင် ဒီနိုင်ငံကို ဘယ်လို တည်ဆောက်မလဲဆိုတဲ့ လမ်းပြမြေပုံတွေကို ချမှတ်ပြီးတော့ အကောင်အထည်ဖော်ကြလေ့ရှိပါတယ်။ အဲမှာ ဥပဒေတွေ ပြဋ္ဌာန်းတာတွေ၊ မူဝါဒ တွေ ချမှတ်တာတွေ၊ စနစ်တွေ ပြုပြင်ပြောင်းလဲတာတွေ လုပ်ပြီးတော့ အကောင်အထည်ဖော်ကြလေ့ရှိပါတယ်။ ဆိုတော့ အချုပ် မေးခွန်းကတော့ နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မူဝါဒက အရေးကြီးလား၊ စနစ်က အရေးကြီးလား၊ ဥပဒေတွေက အရေးကြီးလား၊ လူတွေက အရေးကြီးလားဆိုတဲ့ လားပေါင်းစုံနဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

တချို့က စနစ်အရေးကြီးတယ်လို့ ပြောကြသလို၊ တချို့က မူဝါဒက အရေးကြီးတယ်၊ တချို့က လူက အရေးကြီးတယ်၊ တချို့က ဥပဒေက အရေးကြီးတယ်လို့ ပြောကြပါတယ်။ တချို့ကတော့ မူဝါဒ- စနစ်- ဥပဒေ- လူ စုပေါင်း အကောင်အထည်ဖော်မှုနဲ့ စုပေါင်းညီညွတ်မှုက အရေးကြီးတယ်လို့ ပြောကြပါတယ်။ နိုင်ငံရေး အခြေအနေရ မူဝါဒတို့၊ ဝါဒတွေဆိုတာကို ချမှတ်ပြီးတော့ နိုင်ငံရေးကို လုပ်ကြပါတယ်။

ဥပမာ- ဒီမိုကရေစီနဲ့ ကွန်မြူနစ်ဝါဒ အားပြိုင်ခဲ့ကြသလိုပေါ့။ ဒီမိုကရေစီဝါဒကို ချမှတ်ပြီး လူထုကို စည်းရုံးတဲ့ လူတွေကလည်း ဒီမိုကရေစီကို အကောင်အထည်ဖော်နိုင်မှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမယ်၊ လူ့အခွင့် အရေးတွေ အားကောင်းလာမယ်ပေါ့။ ကွန်မြူနစ်ဝါဒကို ချမှတ်ပြီး လူထုကို စည်းရုံးတဲ့ လူတွေကလည်း ကွန်မြူနစ်ကို အကောင်အထည်ဖော်နိုင်မှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မယ်၊ လူတန်းစား ကွာခြားမှု (ဆင်းရဲ- ချမ်းသာ) မရှိဘဲ လူတိုင်း တစ်ပြေးညီ ဖြစ်မယ်၊ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာ မပြိုကွဲဖို့အတွက် ပိုမို ထိန်းကြောင်းထားနိုင်မယ်ပေါ့။

အခု ၂၁ ရာစု မှာတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုပြီးတော့ ဖြစ်လာကြပြန်ပါတယ်။ ဒီမိုကရေစီ နိုင်ငံဖြစ်မှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မယ်၊ တဖက်ကလည်း ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံဖြစ်မှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မယ်။ဘယ်လိုပဲဖြစ်ဖြစ် မူဝါဒတွေ- ဝါဒတွေကြားမှာ လူသားတွေက ညှပ်နေပြီးတော့ အငြင်းအခုံတွေဖြစ်ကြတယ်၊ စည်းလုံး ညီညွတ်မှုကို ပျက်ပြားလာစေခဲ့တယ်၊ စစ်ပွဲတွေကို ဖန်တီးစေခဲ့မိတယ်၊ လူတန်းစား ကွာခြားမှုတွေ ဖြစ်လာစေခဲ့တယ်။ ဒီမိုကရေစီ နိုင်ငံတိုင်း တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို မလုပ်နိုင်ခဲ့သလို ကွန်မြူနစ်နိုင်ငံတိုင်း တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို မလုပ်နိုင်ခဲ့ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတိုင်း တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို မလုပ်နိုင်ခဲ့ပါဘူး။

ဘယ်မူဝါဒ – ဘယ်ဝါဒက ဘယ်လောက်ကောင်းကြောင်း ဘယ်လိုပဲ လူထုကို စည်းရုံးစည်းရုံး၊ ဘယ်စနစ်က ဘယ်လောက်ကောင်းကြောင်း ဘယ်လိုပဲ လူထုကို စည်းရုံးစည်းရုံး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ချင်မှ တိုးတက်တာပါ၊ စည်းလုံးညီညွတ်ချင်မှ ညီညွတ်တာပါ။

၁၉၄၅ ခုနှစ်မတိုင်ခင်က ဂျပန်နိုင်ငံဟာ ဖက်ဆစ်ဝါဒကို ကျင့်သုံးပြီးတော့ နိုင်ငံကို တည်ဆောက်ခဲ့ပါတယ်။ အများစုက ဖက်ဆစ်ဝါဒကို လုံးဝမကြိုက်ကြဘူး၊ ရွံကျတယ်၊ တိုင်းပြည် ဘယ်လိုမှ မတိုးတက်နိုင်ဘူးလို့ ပြောခဲ့ကြတယ်။ ဒါပေမယ့် ဂျပန်ဟာ စက်မှုအင်အားကြီး နိုင်ငံအဖြစ် တည်ဆောက်နိုင်ခဲ့ပြီးတော့ ကမ္ဘာကိုတောင် စစ်တိုက်နိုင်တဲ့အတွက် အင်အားကြီးနိုင်ငံအဖြစ် တည်ဆောက်ခဲ့တယ်။

အဲလိုပဲ ဟစ်တလာ ဦးဆောင်တဲ့အချိန်က ဂျာမနီဆိုရင်လည်း နာဇီဝါဒကို ကျင့်သုံးပြီးတော့ နိုင်ငံကို တည်ဆောက်ခဲ့တယ်၊ လူတွေက မကြိုက်ကြဘူး၊ ရွံကျတယ်၊ မုန်းကြတယ်။ ဒါပေမယ့် ဂျာမနီနိုင်ငံက စက်မှုအင်အားကြီးနိုင်ငံအဖြစ် တည်ဆောက်နိုင်ခဲ့သလို ကမ္ဘာကို စစ်တိုက်နိုင်တဲ့အထိ အင်အားကြီးခဲ့တယ်။

ကွန်မြူနစ်ဝါဒကို ကျင့်သုံးတဲ့ ရုရှားနဲ့ တရုတ်နိုင်ငံကို ကြည့်ရင်လည်း တရုတ်ဟာ ကမ္ဘာမှာ အမေရိကန်နဲ့ တောင် ရင်ဘောင်တန်းနေနိုင်နေပြီဖြစ်သလို စီးပွားရေး အင်အားကြီးနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ဒါပေမယ့် ဗီယက်နမ်နဲ့ လာအိုတို့လို ကွန်မြူနစ်နိုင်ငံတွေကတော့ တရုတ်နဲ့ ရုရှားတို့လို နိုင်ငံတွေနဲ့ ယှဉ်ရင် ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအနေနဲ့ မတည်ဆောက်နိုင်သေးတာ တွေ့ရပြန်ပါတယ်။

ဒီမိုကရေစီနိုင်ငံတွေအဖြစ် ရပ်တည်နေတဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အာဖရိကနိုင်ငံ တချို့ကို လေ့လာကြည့်ပါကလည်း တစ်ပြည်ထောင်စုစနစ်ကို ကျင့်သုံးနေတဲ့ ဂျပန်၊ ပြင်သစ်၊ ဗြိတိန်နိုင်ငံတို့ရဲ့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်နေတဲ့ အခြေအနေနဲ့ ကွန်မြူနစ်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှားနိုင်ငံတို့ရဲ့ခေတ်မီ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေ အဖြစ် တည်ရှိနေမှုကို နှိုင်းယှဉ်ကြည့်လိုက်ပါ။

ဒီလိုပဲ ဖက်ဒရယ်နိုင်ငံဖြစ်မှ တိုးတက်မယ်ဆိုတဲ့ အခြေအနေမှာလည်း နီပေါ၊ သီရိလင်္ကာ၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန် စတဲ့ ဖက်ဒရယ်နိုင်ငံတွေကို လေ့လာကြည့်နိုင်ပါတယ်။ ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေ ဖြစ်ကြပေမယ့် ပါကစ္စတန်ဆိုရင် စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားမှုတွေရှိသလို အကြမ်းဖက် အဖွဲ့အစည်းတွေ ခိုအောင်းပြီး နိုင်ငံရေးမတည်မငြိမ် မကြာခဏ ဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်သလို စီးပွားရေးကျဆင်းပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ နိုင်ငံဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်ဂျီယမ်၊ အိန္ဒိယ၊ စပိန်၊ အမေရိကန်၊ ဆွစ်ဇာလန်၊ ကနေဒါ၊ ဂျာမနီတို့လို ဖက်ဒရယ်နိုင်ငံတွေကတော့ ခေတ်မီ ဖွံ့ဖြိုးတိုး တက်တဲ့ နိုင်ငံအဖြစ် တည်ဆောက်ထားနိုင်တာကိုလည်း တွေ့ရပြန်ပါတယ်။ အဲတော့ နိုင်ငံ တစ်နိုင်ငံ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက အရေးကြီးဆုံးက ဘာလဲဆိုတာ အထက်မှာ တင်ပြခဲ့တဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ် စဉ်းစားကြည့်ရင် အဖြေတစ်ခုတော့ ရမယ်ထင်ပါတယ်။

မူဝါဒ-ဝါဒတွေ ဘယ်လောက် ကောင်းကောင်း၊ စနစ်တွေ ဘယ်လောက် ကောင်းကောင်း၊ ဥပဒေတွေ ဘယ်လောက် ကောင်းကောင်း ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအနေနဲ့ တည်ဆောက်နိုင်ချင်မှ တည်ဆောက်နိုင်တာ တွေ့ရပါတယ်။

နောက်ဆုံး အချုပ်ကတော့ မူဝါဒ – ဝါဒတွေ၊ စနစ်တွေ၊ ဥပဒေတွေကို ချမှတ် အကောင်အထည် ဖော်တဲ့ လူတွေရဲ့ အတွေးအမြင်နဲ့ လုပ်ငန်း အကောင်အထည်ဖော်မှုတွေကလည်း အရေးကြီးလှပါတယ်။ အဲတော့ မူဝါဒ- ဝါဒ ၊ စနစ်၊ ဥပဒေ၊ လူ အားလုံး စုပေါင်း အင်အားနဲ့မှ နိုင်ငံ တစ်နိုင်ငံကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။

အခု မြန်မာနိုင်ငံမှာတော့ မူဝါဒ – ဝါဒ နဲ့ စနစ်တွေအပေါ်မှာ ငြင်းခုံနေကြဆဲပါပဲ။

ချစ်မင်းထွန်း – ရေးသည်။

ချစ်မင်းထွန်းသည် လူငယ်သတင်းစာဆရာတစ်ယောက်ဖြစ်ပြီး မဇ္စျိမမီဒီယာတွင် အယ်ဒီတာတာဝန်ထမ်း‌ဆောင်နေသူဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *