June 18, 2021

JIS.DIGITAL

JOURNALIST – IMPARTIAL STORY

နဂါးကြီးက ပေးမှာလား၊ ယူမှာလား

၁၁ ဇန်နဝါရီ ၂၀၂၁ခုနှစ်။

နဂါးကြီး ရောက်လို့ လာပါပြီ။ နှစ်သစ်ကူးမှာနဂါးကြီးက လက်ဆောင်တွေပေးခဲ့မှာလား၊ ဒါမှမဟုတ် ပွေ့ပြန်သွားမလား။

၂၀၂၁ ဇန်နဝါရီ ၁၁ရက် ၊ ဒီနေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ  မြန်မာနိုင်ငံဆီ ရောက်လာပါမယ်။ မနက်ဖန် ပြန်ပါမယ်။

နိုင်ငံ​တော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ အပြင် တပ်ချုပ်နဲ့လည်းတွေ့ပါမယ်။ တရုတ်နဲ့ပတ်သက်လာရင်တော့ ပြည်သူတွေက အထူး စိတ်ဝင်စားကြတယ်။

ဘာတွေဆွေးနွေးမယ်။ ဘာသဘောတူညီချက်တွေရမလဲဆိုတာတွေ သိချင်ကြားချင်ကြပါတယ်။ ဆွေးနွေးပွဲတွေပြီးရင်တော့ သတင်းထုတ်ပြန်ပေးမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

၂၀၂၀ အတွင်းမှာ ကိုဗစ်ကြောင့် နှစ်နိုင်ငံပူးပေါင်းအကောင်အထည်ဖော်နေတဲ့ စီမံကိန်းကြီးတွေ၊လုပ်ငန်းတွေ တန့်နေတာ၊ ကုန်သွယ်​ရေး ကျဆင်းတာ၊ နယ်စပ်ခြံစည်းရိုးပြဿနာ၊ ကိုဗစ် အကူအညီ၊ Belt and Road နဲ့ပတ်သက်တာတွေကို ဆွေးနွေးမယ်လို့တော့ ယူဆနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းတွေလည်း ဆွေးနွေးကြဖို့ရှိပါတယ်။

အထူးသဖြင့် ၂၀၂၀နှစ်ဆန်းက တရုတ်သမ္မတရှီခရီးစဥ်မှာ သဘောတူချက် ၃၃ချက်ရခဲ့ပါတယ်၊ ဒါတွေကို ဘယ်လောက်အကောင်အထည်ဖော်ခဲ့လဲ၊ ဘာတွေဆက်လုပ်မလဲ ဆိုတာတွေလည်း ပါမယ်လို့ ပြောလို့ရပါတယ်။

( စာကြွင်း ။ တရုတ်သမ္မတ ရှီကျင့်ဖျင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၀ခု နှစ်၊ ဇန်နဝါရီ ၁၇ ရက်နေ့က နေပြည်တော်သို့ရောက်ရှိခဲ့ပါသည်။ သမ္မတ ရှီခရီးစဥ်အတွင်း သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ၃၃ချက်ကို အောက်တွင်သီးသန့်ဖော်ပြပေးထားပါသည်)

မနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီမလာခင် တစ်ရက်အလိုမှာ တရုတ် – မြန်မာပူးပေါင်းဆောင်ရွက်သော မြန်မာနိုင်ငံ မန္တလေး-ကျောက်ဖြူရထားလမ်း စီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါဟာ မန္တလေး – ကျောက်ဖြူရထားလမ်းပိုင်း အပါအဝင် တရုတ်-မြန်မာရထားလမ်း ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံ “The Belt and Road” နဲ့ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်မှုရဲ့ အစိတ်အပိုင်းတစ်ခုပါ။ တရုတ်နိုင်ငံမှ အကူအညီပေးအပ်သည့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် လေ့ကျင့်ရေးသင်တန်းကျောင်း အကောင်အထည်ဖော်ဆောင်ရေးစီမံကိန်းများ စတင်ခြင်းအခမ်းအနား ကိုလည်း မနေ့ကကျင်းပခဲ့တယ်လို့ တရုတ်သံရုံးကသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ ကိုဗစ်ထောက်ပံ့ ရေးတွေလည်း ကူညီပေးမယ်လို့ သိရပါတယ်။

နောက်တစ်ချက်က မြန်မာရဲ့ ကမ္ဘာ့စာမျက်နှာအကျပ်အတည်းတွေမှာ တရုတ်က မြန်မာဖက်က ပြတ်ပြတ်သားသားရပ်တည်ပေးလေ့ ရှိပါတယ်၊ ဥပမာအားဖြင့် ရခိုင်မြောက်ပိုင်းအရေး၊ ဘင်္ဂလီအရေး၊ ICJ အရေးတွေမှာပါ။ မကြာခင်ရက်ပိုင်းမှာ မြန်မာအနေနဲ့ ICJ report တင်စရာရှိပါတယ်။ ဒီအကြောင်းကိုလည်း တီးခေါက်ကြည့်မယ်လို့ ယူဆရပါတယ်။

ဆိုရသော် မခေါ်ချင်လို့မရတဲ့အိမ်နီးချင်းပေါက်ဖော်ကြီးနဲ့တော့ မချစ်သော်လည်းအောင့်ကာ နမ်းနေရဦးမှာပါ။

နဂါးကြီးရောက်လို့ လာပါပြီ။ နှစ်သစ်ကူးမှာ နဂါးကြီးက လက်ဆောင်တွေပေးခဲ့မှာလား၊ ဒါမှမဟုတ် ပွေ့ပြန်သွားမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ကြောင်းပါ။

D.မင်း – ရေးသည်။

စာရေးသူအမည်အရင်းမှာ ဦးကျော်စွာမင်းဖြစ်ပြီး ရန်ကုန်တိုင်းမ်၊ ဖလားဝါးနယူးစ်ဂျာနယ် အယ်ဒီတာချုပ်ဟောင်းတစ်ဦးဖြစ်သလို လက်ရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ အတွင်းရေးမှူးဖြစ်သည်။

သမ္မတရှီ ၂၀၂၀ခရီးစဉ်အတွင်း လက်မှတ်ထိုးခဲ့သည့် စာချွန်လွှာနှင့် သဘောတူစာချုပ် ၃၃ ခု

  • ၁။ ရန်ကုန်ရဲကွပ်ကဲမှု ဗဟိုဌာနအား လွှဲပြောင်းခြင်းစာချွန်လွှာ
  • ၂။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ကင်းလှည့်ရေယာဉ် ၆စီး ပေးအပ်ရေး လဲလှယ်မှုစာချွန်လွှာ
  • ၃။ ၃ နှစ်တာ နယ်စပ်ဒေသများ ဖွံ့ဖြိုးမှုစီမံကိန်း ဖြစ်နိုင်ချေလေ့လာမှုဆိုင်ရာ လဲလှယ်မှုစာချွန်လွှာ
  • ၄။ တရုတ်အမျိုးသားရုပ်မြင်သံကြား၊ အသံလွှင့်ဌာနနှင့် မြန်မာပြန်ကြားရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်
  • ၅။  ၂၀၂၀ လန်ချန်း-မဲခေါင် ရုပ်မြင်သံကြားသီတင်းပတ်၏ မြန်မာနေ့ ပူးတွဲကျင်းပရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ
  • ၆။ မြန်မာနိုင်ငံမှ ဆန်ကိုတရုတ်နိုင်ငံသို့တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်
  • ၇။ မြန်မာနိုင်ငံမှ အပူပေးစနစ်ဖြင့် ပြုပြင်ထုတ်လုပ်သော ပိုးအိမ်ခြောက်များ တင်ပို့ခြင်းဆိုင်ရာ သဘောတူစာချုပ်
  • ၈။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွဲ၊နွားများအတွက် ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် ကျန်းမာရေးလိုအပ်ချက်ဆိုင်ရာ သဘောတူစာချုပ်
  • ၉။ စိုက်ပျိုးရေးထွက်ကုန်များ၏ အရည်အသွေးထိန်းချုပ်မှု ဗဟိုဌာန စီမံကိန်းဆိုင်ရာ စာလွှာ
  • ၁၀။ စပ်မျိုးစပါး သုတေသန ဗဟိုဌာန စီမံကိန်းဆိုင်ရာ စာချွန်လွှာ
  • ၁၁။ အတိုးမဲ့ချေးငွေဖြင့် လူစီးရထားတွဲများ ဝယ်ယူရေးသဘောတူစာချုပ်
  • ၁၂။ ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင်သဘောတူစာချုပ် လုပ်ငန်းစဉ်များ လျင်မြန်တိုးတက်စေရေး နားလည်မှုစာချွန်လွှာ
  • ၁၃။ ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းအဖွဲ့တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ
  • ၁၄။ အမှတ် ၂စက်မှုသင်တန်းကျောင်း မန္တလေး အဆင့်မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်
  • ၁၅။ ကုန်ထုတ်စွမ်းအားနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
  • ၁၆။ အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ
  • ၁၇။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ
  • ၁၈။ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေး စီမံကိန်းဖြစ်နိုင်ချေ လေ့လာမှုဆိုင်ရာစာချွန်လွှာ
  • ၁၉။ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ်
  • ၂၀။ နှစ်နိုင်ငံ သံရုံးမြေနှင့် အဆောက်အအုံ အပြန်အလှန်ထောက်ပံ့ခြင်းဆိုင်ရာ သဘောတူညီချက်
  • ၂၁။ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
  • ၂၂။ မူဆယ်-မန္တလေးရထားလမ်း ဖြစ်နိုင်ချေလေ့လာမှု အစီရင်ခံစာ လွှဲပြောင်းပေးအပ်ခြင်းစာချွန်လွှာ
  • ၂၃။ မန္တလေး-ထီးချိုင့်-မူဆယ် အမြန်လမ်းမကြီးနှင့်ကျောက်ဖြူ-နေပြည်တော် အဝေးပြေးလမ်းမကြီးစီမံကိန်း ဖြစ်နိုင်‌ခြေလေ့လာမှု အစီရင်ခံစာ လွှဲပြောင်းပေးအပ်ခြင်းစာချွန်လွှာ
  • ၂၄။ တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းဖြစ်နိုင်ခြေလေ့လာမှု ဆိုင်ရာနားလည်မှု စာချွန်လွှာ
  • ၂၅။ ရန်ကုန်တိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်တို့အကြား ချစ်ကြည်ရေးဆက်ဆံမှု တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
  • ၂၆။ ရန်ကုန်မြို့တော်အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်စာလွှာ
  • ၂၇။ မန္တလေးတိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်အကြား မြန်မာ့စီးပွားရေးစင်္ကြံပူးတွဲတည်ထောင်ရေး မူဘောင်အောက်မှ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ
  • ၂၈။ နှစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်များ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ
  • ၂၉။ ကွမ်းလုံတံတားစီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်
  • ၃၀။ ရန်ကုန်မြစ်ဝအနောက်ဖက်ကမ်း ထိန်းသိမ်းရေးစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ
  • ၃၁။ မန္တလေး-ပုဂံရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု နားလည်မှုစာချွန်လွှာ
  • ၃၂။ မီးလင်းချိုင်သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်မှုဆိုင်ရာ စာချွန်လွှာ
  • ၃၃။ “ဝ” တစ်လုံးဥမင်လှိုဏ်ခေါင်း စီမံကိန်းဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ တို့ဖြစ်ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *