June 18, 2021

JIS.DIGITAL

JOURNALIST – IMPARTIAL STORY

သမ္မတအသစ်နေရာ ဘယ်တိုင်းရင်းသား ဖြစ်လာမလဲ

Photo : Reuters

ကျော်ဇေယျာထွန်း – ရေးသည်။

၂၂ ဇန်နဝါရီ ၂၀၂၁ ။

အမေရိကန်မှာ သူတို့ကြိုက်တဲ့သမ္မတကို တိုက်ရိုက်ရွေးချယ်တင်မြှောက်ခွင့်ရလိုက်တာကို ကြည့်ပြီး ဝမ်းသာပီတိဖြစ်ရတယ်။ မြန်မာနိုင်ငံမှာရော အနိုင်ရပါတီကြီးက ဘယ်သူ့တွေကို သမ္မတအဖြစ်ရွေးချယ် တင်မြှောက်မလဲဆိုတာ အတော်လေးစိတ်ဝင်စားမိတယ်။ (တပ်က ရွေးချယ်တင်မြှောက်မယ့်သူကိုလည်း စိတ်ဝင်စားတယ်)

၂၀၁၁ မှာ အစိုးရဖွဲ့တော့ သမ္မတ၊ ဒုသမ္မတနေရာတွေမှာ ဦးသိန်းစိန်၊ ဒေါက်တာစိုင်းမောက်ခမ်း၊ သီဟသူရတင်အောင်မြင့်ဦးနဲ့ ဦးဉာဏ်ထွန်း ဖြစ်ခဲ့ကြတယ်။ ဒီနေရာမှာ တိုင်းရင်းသားအရေးကို ထည့်သွင်းစဉ်းစားတယ်၊ အစိုးရအဖွဲ့မှာ တိုင်းရင်းသားတွေကိုလည်း နေရာပေးတယ်ဆိုတဲ့ သဘောနဲ့ ရှမ်းတိုင်းရင်းသားဖြစ်တဲ့ ဒေါက်တာစိုင်းမောက်ခမ်းကို ဒုသမ္မတနေရာပေးခဲ့တယ်။

Photo : https://www.gnlm.com.mm/

၂၀၁၆ မှာတော့ အစိုးရအဖွဲ့မှာတော့ သမ္မတ၊ ဒုသမ္မတနေရာတွေမှာ ဦးထင်ကျော်၊ ဟင်နရီဗန်ထီးယူ၊ ဦးမြင့်ဆွေနဲ့ ဦးဝင်းမြင့်။ ဒီအခါမှာလည်း တိုင်းရင်းသားတွေအတွက် ချင်းတိုင်းရင်းသားဖြစ်တဲ့ ဟင်နရီဗန်ထီးယူကို ဒုသမ္မတခန့်လိုက်တယ်။ (၂၀၁၆ အစိုးရဖွဲ့တုန်းကတော့ ချင်းပြည်နယ်က ဟင်နရီဗန်ထီးယူ အပြင် ရခိုင်ပြည်နယ်က ဒေါက်တာအေးမောင်ကိုပါ သမ္မတ၊ ဒုသမ္မတစာရင်းထဲ လျာထားခဲ့ကြတာပါ)

Photo : NRPC

အခု ၂၀၂၁ မှာ အစိုးရဖွဲ့မယ်ဆိုတော့ ဘယ်သူတွေ သမ္မတ၊ ဒုသမ္မတတွေဖြစ်ကြမလဲလို့ စိတ်ဝင်စားမိတယ်။ ကိုယ့်စိတ်ထဲတော့ အစဉ်အတိုင်းသာဆိုရင် ဒီတစ်ခါ တိုင်းရင်းသားနေရာဟာ ရခိုင်တိုင်းရင်းသားဖြစ်သင့်တယ်လို့ တွေးမိတယ်။ ဖြစ်လည်းဖြစ်သင့်တယ်လို့ မြင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ ကြွေးကြော်မှုတွေနဲ့ တက်လာတဲ့ NLD အစိုးရလက်ထက်မှာ ရှိရင်းစွဲ အခြေအနေကနေ ရင်ကြားစေ့လို့ မရဆုံးနဲ့ အကွဲအပြဲဆုံးဖြစ်ခဲ့တာကတော့ ရခိုင်တိုင်းရင်းသားတွေနဲ့ပါ။ ရခိုင်တိုင်းရင်းသားတွေဘက်က နာကြည်းစရာတွေကလည်း တလှေကြီးပါပဲ။

အဲဒီနာကြည်းစရာဒဏ်ရာ၊ ဒဏ်ချက်တွေကို ပြဿနာလို့မြင်ရင်တော့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးနဲ့ ဖြေရှင်းရအခက်အခဲဆုံးနိုင်ငံရေး ပြဿနာကြီးပါ။ ဒါပေမဲ့ အခွင့်အလမ်းဖက်က တွေးကြည့်မယ်ဆိုရင်တော့ ဒီကြီးမားတဲ့ပြဿနာကြီးကို ရဲရဲရင်ဆိုင် ဖြေရှင်းနိုင်လိုက်မယ်ဆိုရင် တခြားသော တိုင်းရင်းသားတွေနဲ့ စည်းလုံး ညီညွှတ်ရေး၊ ရင်ကြားစေ့ရေးဆိုတာတွေကိုလည်း တစ်စုံတစ်ရာ ကျွဲကူးရေပါဖြစ်လာနိုင်မယ်လို့ တွေးမိတယ်။

အခွင့်အလမ်းဖက်က တွေးကြည့်မယ်ဆိုရင် ဒီကြီးမားတဲ့ပြဿနာကြီးကို ရဲရဲရင်ဆိုင် ဖြေရှင်းနိုင်လိုက်မယ်ဆိုရင် တခြားသော တိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွှတ်ရေး၊ ရင်ကြားစေ့ရေးဆိုတာတွေကိုလည်း တစ်စုံတစ်ရာ ကျွဲကူးရေပါဖြစ်လာနိုင်မယ်လို့ တွေးမိတယ်။

ဒါကြောင့် ဒီနိုင်ငံရေးဒဏ်ရာကြီးကို သက်သာစေဖို့ ဗမာကို ကိုယ်စားပြုတယ်ဆိုရမယ့် အနိုင်ရ NLD ပါတီအနေနဲ့ အစိုးရဖွဲ့တဲ့အခါ သမ္မတနေရာတွေမှာ ရခိုင်တိုင်းရင်းသားကိုသာ ရွေးချယ်သင့်တယ်လို့ ယူဆမိတယ်။ ဖြစ်နိုင်ရင် သမ္မတနေရာမှာတောင် ရခိုင်တိုင်းရင်းသားကို ပေးသင့်တယ်လို့မြင်တယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း ရှမ်းတိုင်းရင်းသား၊ ကရင်တိုင်းရင်းသားတွေကို သမ္မတအဖြစ်ခန့်အပ်နိုင်ခဲ့သလို အခုလည်း ရခိုင်တိုင်းရင်းသားကို ဘာလို့ သမ္မတနေရာမပေးနိုင်ရမှာလဲလို့ တွေးမိတယ်။

အမေရိကန်မှာ အသက်အကြီးဆုံးသမ္မတနဲ့ အမျိုးသမီးဒုသမ္မတကို တင်မြှောက်ခဲ့ကြတာတွေ့တော့ အံ့သြဝမ်းသာတဲ့စိတ် ဖြစ်မိတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုအခင်းအကျင်းမျိုး မဖြစ်နိုင်စရာ မရှိပါဘူး။

ဒီနေရာမှာ ထပ်ဖြည့်စွက်ချင်တာက ၂၀၁၅ ရွေးကောက်ပွဲပြီးတော့ အမျိုးသားလွှတ်တော် ဒုက္ကဋ္ဌကို ရခိုင်တိုင်းရင်းသား ဦးအေးသာအောင်ကို ပေးခဲ့တယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ဦးညီပုကို ပေးခဲ့တယ်။ ပေါ့စေချင်လို့ ကြောင်ရုပ်ထိုးမှ ဆေးအတွက် လေးခဲ့ရတဲ့အဖြစ်တွေ ကြုံခဲ့ရတယ်။

ဒီတစ်ခါတော့ သားရွှေအိုးထမ်းလာတဲ့ကိန်းဆိုက်အောင် အစိုးရရဲ့ထိပ်ပိုင်းခေါင်းဆောင်နေရာ (သမ္မတလိုနေရာ) ကို ပေးမယ်ဆိုရင် ဒေါက်တာတင်မာအောင်လို ပုဂ္ဂိုလ်မျိုးကို ပေးသင့်တယ်လို့ မြင်တယ်။

Photo: Dr.Tin Mar Aung / Facebook

သူဟာ ရခိုင်လူထုရဲ့ထောက်ခံမှုကို ရတဲ့သူလည်းဖြစ်သလို NLD နဲ့လည်း အရင်းဆုံးသူတစ်ဦးဖြစ်လို့ပါ။ ပညာအရည်အချင်း၊ မျိုးရိုးနဲ့ လုပ်ငန်းအတွေ့ အကြုံအားဖြင့်လည်း အရင်သမ္မတတွေထက် အများကြီးသာတဲ့ သူတစ်ယောက်ပါ။ သူသည်သာ ရခိုင်နဲ့ ဗမာကြားက ငြိမ်းချမ်းရေး ချိုးငှက်လို့ မြင်မိတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးမယ်မှန်းသိပေမယ့် NLD ပါတီ၊ ALP ပါတီတွေက ဝင်မပြိုင်ဘဲ ALD ပါတီကနေ ဝင်ပြိုင်ပြီး အရှုံးကို ကျေကျေနပ်နပ်ကြီးလက်ခံခဲ့တာဟာ ရွေးကောက်ပွဲမှာ ရှုံးပေမယ့် နိုင်ငံရေးအရ ဂုဏ်သိက္ခာရှိတဲ့ လုပ်ရပ်လို့ မြင်မိတယ်။

အစိုးရအဖွဲ့မှာ ဒေါက်တာတင်မာအောင်သာ သမ္မတ၊ ဒုသမ္မတနေရာရပြီး လွတ်ငြိမ်းချမ်းသာခွင့်မှာ ရခိုင်လူထုခေါင်းဆောင် ဒေါက်တာအေးမောင်ကိုသာ လွှတ်ပေးနိုင်ခဲ့မယ်ဆိုရင် အစိုးရသစ်ရဲ့ လိုက်ကာအဖွင့်ဟာ စိတ်ဝင်စားစရာပါ။

ရခိုင်ပြည်နယ်က ဖြေရှင်းစရာ ပြဿနာပေါင်းများစွာကို ဒီပုဂ္ဂိုလ်တွေမှ ဦးဆောင်ဖြေရှင်းခွင့် မရသရွေ့တော့ ဒုက္ခတွင်းဟာ နက်သထက် နက်နေဦးမယ်လို့ တွေးမိတယ်။

အစိုးရသစ်လက်ထက်မှာ ရခိုင်ပြည်ကြီးနဲ့တကွ မြန်မာပြည်ကြီး သာယာငြိမ်းချမ်းပါစေ။

စာရေးသူ ကျော်ဇေယျာထွန်းသည် သတင်းစာဆရာတစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံသတင်းသမားများကွန်ယက် (MJN) စတင်ဖွဲ့စည်းစဥ်ကတည်းက ဦးဆောင်ပါဝင်သူတစ်ဦးလည်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *