June 18, 2021

JIS.DIGITAL

JOURNALIST – IMPARTIAL STORY

စိုက်ပျိုးရေးလုပ်ငန်းကို တောင်သူဦးကြီးတွေ ကျောခိုင်းသွားခဲ့သော် . . .

၂၀၁၉ အောက်တိုဘာ လကုန်ပိုင်းက မန္တလေးတိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေအတွက် မျိုးကောင်းမျိုးသန့်နဲ့ သတင်းအချက်အလက်များ ရရှိရေးဆွေးနွေးပွဲတစ်ရပ်မှာ တောင်သူလယ်သမားတွေရဲ့ အသံကို လွှတ်တော်ဥက္ကဌထံမှ တစ်ဆင့် အခုလို ကြားသိခွင့်ရခဲ့ပါတယ်။

“ဒေသခံအများစုက စိုက်ပျိုးရေး မလုပ်ကြဘူးလို့ ပြောတယ်။ ဘာလို့လဲ မေးတော့ စိုက်လိုက်တိုင်း ရှုံးလို့ မစိုက်တာမှ တော်သေးတယ် ဆိုပြီး မစိုက်ကြတာလို့ ပြန်ဖြေကြတယ်”။

ဒါဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံအတွက် မဖြစ်မနေ စဉ်းစားအဖြေရှာသင့်တဲ့ ပြည်သူ့အသံလို့ ဆိုရမှာပါ။ မြန်မာ့လူဦးရေရဲ့ ၇၀ရာခိုင်နှုန်းလောက်ဟာ တောင်သူလယ်သမားတွေလို့ ခေတ်အဆက်ဆက် ပြောဆိုသုံးနှုန်းခဲ့တာတွေက မဝေးတော့တဲ့ ကာလတစ်ခုမှာ ယုံတမ်းစကားလိုလို ၊ အိပ်ယာဝင်ပုံပြင်လိုလို ဖြစ်သွားတော့မှာလားဆိုတာ သံသယ ပွားစရာ ဖြစ်လာပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာ တောင်သူလယ်သမားဦးကြီးတွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးပါနေသလဲဆိုတာနဲ့ သူတို့တွေဟာ ဘယ်လိုအခက်အခဲမျိုးတွေကို ရင်ဆိုင်ကြုံတွေ့နေကြသလဲဆိုတာအပြင် တောင်သူလယ်သမား ဦးကြီးတွေသာ သူတို့ရဲ့ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြခဲ့သော်ဆိုတဲ့ အတွေးဖြင့် ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတော်အစိုးရရဲ့ ဌာနဆိုင်ရာတို့ရဲ့ တရားဝင်သတင်းအချက်အလက်တွေကို စေ့ငုတွက်ဆကြည့်မိပါတယ်။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတာနဲ့အညီ နိုင်ငံအတွင်း စိုက်ပျိုးနိုင်တဲ့ မြေယာကို နှစ်စဉ်တိုးချဲ့နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ကမ္ဘာ့ဘဏ်ရဲ့ မှတ်တမ်းများအရ ၁၉၆၁ခုနှစ်ကနေ ၂၀၁၆ခုနှစ်အထိ နှစ်စဉ် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးထုတ်လုပ်နိုင်တဲ့ မြေယာအကျယ်အဝန်းဟာ တိုးပွားနေတာကိုတွေ့ရပြီး လက်ရှိမှာ နိုင်ငံရဲ့ အကျယ်အဝန်းရဲ့ ၁၉ ဒသမ ၅ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

ဒါပမေယ့်လည်း တစ်ဖက်မှာတော့ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးမြေယာများကို အစိုးရရဲ့ စီမံကိန်းကြီးတွေနဲ့ တပ်မတော် နယ်မြေတိုးချဲ့တာတွေ စတဲ့ အကြောင်းပြချက်တွေနဲ့ သိမ်းယူခံနေရတာတွေ ရှိပါတယ်။ နိုင်ငံတော်ရဲ့ ဒုသမ္မတကိုယ်တိုင်ဦးဆောင်ပြီး လယ်ယာမြေသိမ်းဆည်းခံရမှုတွေကို ဖြေရှင်းပေးနေတာဟာလည်း ထိရောက်မှုနည်းနေဆဲ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် နှစ်စဉ် နိုင်ငံရဲ့ အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ကို ကြည့်ရင် စိုက်ပျိုးရေးကဏ္ဍမှ ရရှိတဲ့ ဝင်ငွေဟာ နှစ်အလိုက် တိုးတက်လာတာကို တွေ့ရပါတယ်။ သို့ပေမယ့် တခြားသော စက်မှုထုတ်ကုန်ကဏ္ဍနဲ့ ဝန်ဆောင်မှုကဏ္ဍတို့မှ ရရှိတဲ့ နှစ်အလိုက် GDPထဲ ဝင်ငွေကို နှိုင်းယှဉ်ကြည့်ရင် စိုက်ပျိုးရေးကဏ္ဍမှ ဝင်ငွေများဟာ နှစ်စဉ်နည်းပါးနေသေးတာကို တွေ့ရပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ မြန်မာနိုင်ငံဟာ တိုင်းပြည်ရဲ့ GDP အတွက် စိုက်ပျိုးရေးကဏ္ဍကို အားကိုးနေရဆဲဖြစ်ပါတယ်။ ကမ္ဘောဒီးယားနဲ့ လာအိုလို နိုင်ငံမျိုးတွေကလည်း တိုင်းပြည် GDP အတွက် စိုက်ပျိုးရေးကဏ္ဍဟာ အရေးပါလျက်ရှိတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့တဲ့ ကိန်းဂဏန်းတွေဟာ နှစ်စဉ်တိုးတက်နေပါတယ်။ ၂၀၁၁ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ နှစ်အလိုက်ကိန်းဂဏန်းတွေကို နှိုင်းယှဉ်ကြည့်ရင် ၂၀၁၇ခုနှစ်အတွင်း လယ်ယာထွက်ကုန်ပြည်ပတင်ပို့မှုပမာဏဟာ အများဆုံးတင်ပို့နိုင်ခဲ့တဲ့ နှစ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်တွေကို ကဏ္ဍအလိုက် လေ့လာကြည့်ပါက လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုဟာ စက်မှုကုန်ချောပစ္စည်းတင်ပို့မှုပြီးရင် ဒုတိယအများဆုံးပြည်ပပို့ကုန်ဖြစ်ပါတယ်။ တောင်သူလယ်သမားဦးကြီးတွေရဲ့ စိုက်ပျိုးရေးကဏ္ဍမှ ထုတ်ကုန်တွေဟာ တိုင်းပြည်ရဲ့ ပြည်ပပို့ကုန်တွေအနက် အဓိကကျတဲ့ အခန်းကဏ္ဍမှာ တည်ရှိနေပေမယ့် သူတို့ရဲ့ ထုတ်ကုန်တွေကလည်း သူတို့ရဲ့ ရပ်တည်မှုကို ယိုင်နဲ့သွားစေတာကတော့ စဉ်းစားစရာဖြစ်နေပါတယ်။

ထုတ်ကုန်တွေရဲ့ အရည်အသွေးကို လက်ညိုးထိုးကာ ဈေးနှိမ်ခံနေရတာတွေ ၊ မြေသြဇာ၊ ပိုးသတ်သေးကအစ မျိုးစေ့မျိုးဆန်အဆုံး ဈေးနှုန်းမြင့်မားနေတာတွေဟာ တောင်သူလယ်သမားဦးကြီးများရဲ့ အမှန်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း စီးဝင်လျက်ရှိတဲ့ ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကြည့်ရင်တော့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အားရစရာအနေအထားမှာ ရှိမနေပါဘူး။ စိုက်ပျိုးရေးကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာနိုင်မယ့် ရေခံ မြေခံတွေနဲ့ ဥပဒေပိုင်းဆိုင်ရာတွေကို သေချာတွက်ချက်သုံးသပ်ကာ တိုင်းပြည်အတွက် အမှန်တကယ်အထောက်အပံ့ဖြစ်စေဖို့ စီမံဆောင်ရွက်သင့်ပါတယ်။

လက်ရှိမှာတော့ နိုင်ငံတော် အစိုးရအနေနဲ့ စိုက်ပျိုးရေးကဏ္ဍရဲ့ အသက်သွေးကြောဖြစ်တဲ့ တောင်သူလယ်သမားတွေအတွက် ကောက်ရိုးတစ်မျှဉ်လို့ ဆိုရမယ့် စိုက်ပျိုးစရိတ်ချေးငွေတွေကို နှစ်စဉ်တိုးမြှင့်ထုတ်ချေးနေတာကိုလည်း တွေ့ရပါတယ်။

ဒါပေမယ့် ဒီကောက်ရိုးတစ်မျှဉ်ဟာလည်း တောင်သူဦးကြီးတွေအတွက် ပြန်ဆပ်ချိန်မှာ ဝန်ထုတ်ဝန်ပိုးတစ်ခုလို ဖြစ်ခဲ့ရတဲ့ သာဓကတွေ ရှိနေပြန်ပါတယ်။

ဥပမာ – အစိုးရထုတ်ချေးတဲ့ စိုက်စရိတ်ဟာ အမှန်တကယ် စိုက်ကွင်းထဲမရောက်ဘဲ တခြားအိမ်အသုံးစရိတ်ထဲ ရောက်သွားခဲ့တာမျိုး။ အမှန်တကယ် စိုက်ကွင်းထဲ ရောက်ပြန်သော်လည်း ဥတုရာသီဖောက်ပြန်မှုနဲ့ သီးနှံဖျက်ပိုး၊ သီးနှံရောဂါတို့ရဲ့ အန္တရယ်ကြောင့် အရှုံးပေါ်ကာ စိုက်စရိတ်အားလုံး ဆုံးဆုံးမြုပ်သွားခဲ့တာမျိုး၊ စသဖြင့်။

သုံးသပ်

ဖော်ပြပါ ကိန်းဂဏန်းတွေအရ စိုက်ပျိုးရေးကဏ္ဍဟာ မြန်မာနိုင်ငံအတွက် အရေးပါနေဆဲကဏ္ဍ ဖြစ်သလို ခေတ်အဆက်ဆက် အစိုးရများအနေနဲ့လည်း စိုက်ပျိုးရေးကဏ္ဍမှ ထုတ်ကုန်ပစ္စည်းတွေကို တန်ဖိုးမြှင့်ထုတ်ကုန်တွေ ဖြစ်လာစေရေး ကြိုးပမ်းနေတာတွေကို တွေ့မြင်နေရပါတယ်။

သို့သော်လည်း စိုက်ပျိုးရေးကဏ္ဍရှိ တောင်သူဦးကြီးများအတွက် မျိုးစေ့နဲ့ သွင်းအားစုဈေးနှုန်းကြီးမြင့်မှု၊ ရာသီဥတုဖောက်ပြန်မှုနဲ့ ပိုးမွှားဖျက်ဆီးခြင်းခံရမှု စတာတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့အထဲ ထွက်ရှိလာတဲ့ သီးနှံဈေးနှုန်းများ လျော့နည်းကျဆင်းနေတာကြောင့် ထုတ်လုပ်မှုစရိတ်နဲ့ ပြန်ရရှိတဲ့ ထုတ်ကုန်တန်ဖိုးအကြား တွက်ခြေမကိုက်ဘဲ ဖြစ်နေကြပါတယ်။

တောင်သူဦးကြီးတွေရဲ့ အဓိက ထုတ်ကုန်တစ်မျိုးဖြစ်တဲ့ စပါးကို တင်း ၁၀၀ကို ကျပ် ငါးသိန်းဖြင့် ဝယ်ယူဖို့ နိုင်ငံတော်အစိုးရက ဈေးသတ်မှတ်ပေးခဲ့ပေမယ့်လည်း အစိုဓာတ်နဲ့ တခြားအရည်အသွေးအကန့်အသတ်တွေ ရှိနေပြန်ပါတယ်။ သို့အတွက် အစိုးရရဲ့ တင်းတစ်ရာအတွက် ကျပ် ငါးသိန်းသတ်မှတ်ချက်ဟာ အမှန်တကယ် အလုပ်ဖြစ်နိုင်မလားဆိုတာ မေးခွန်းထုတ်စရာပါ။

ဒါကြောင့် အရေးပါနေဆဲဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍမှ တောင်သူဦးကြီးများ အသက်ဆက်နိုင်ရေးအတွက် ငဲ့ကွက်တွက်ချက်ဟာ ထုတ်လုပ်မှုစရိတ်ကို ကာမိစေမယ့် သီးနှံဈေးနှုန်းတစ်ရပ်ကို အရေးပေါ် သတ်မှတ်ပေးဖို့ လိုအပ်နေပါတယ်။

နှင်းကို-ရေးသည်။

  • ယခုဆောင်းပါးကို DVB သတင်းဌာနရဲ့ ၀က်ဆိုက်ဒ်မှာ ဖော်ပြဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *