June 18, 2021

JIS.DIGITAL

JOURNALIST – IMPARTIAL STORY

မင်းမနိုင်ထီဈေးနှင့် ထိုးသားပြည်သူတို့၏နစ်နာမှုများကို လေ့လာကြည့်ခြင်း

ပထမဦးဆုံး ‘မင်းမနိုင်ထီဈေး’ ဆိုတာကို လင်းပါ့မယ်။

ထီတစ်စောင်ကို ၂၀ဝ ကျပ် တုန်းက တစ်မျိုး၊ ၅၀ဝ ကျပ်တုန်း တစ်ဖုံ၊ ၁၀ဝ၀ ကျပ်ဖြစ်သွားတဲ့အထိ အစိုးရသတ် မှတ်ဈေးထက် ၁၀ဝ ၊ ၂၀ဝ ၊ ၃၀ဝ စသဖြင့် ဈေးပိုပေးနေကြရပါတယ်။ ဒီအရေးကိစ္စကို တိုင်းသိပြည်သိလွှတ်တော်တွေမှာ မေးခွန်းထုတ်ဖြေရှင်းချက် တောင်းနေပါလျက် အမြတ်ပေးခေါင်းပုံဖြတ်မှုကြီးကတော့ ရပ်မသွားသေးဘဲ တရားဝင်ထီဈေးနှုန်းကို ထိန်း ကျောင်းပေးနိုင်ခြင်းမရှိသေးတဲ့အတွက် “မင်းမနိုင်ထီဈေး” လို့ သမုတ်ရခြင်းဖြစ်ပါတယ်။

ဒါပေမဲ့လည်း ထီထိုးသားပြည်သူတွေက လှူချင်တန်းချင်လို့၊ အိမ်လေးအိုးလေးပိုင်ချင်လို့၊ ဝိုင်းလေးခြံလေးဝယ်ချင်လို့ စတဲ့အကြောင်းအမျိုးမျိုးနဲ့ မင်းမနိုင်ထီဈေးကို လစဉ်လတိုင်းအောင့်အည်း သည်းခံကာ အားပေးနေကြရပါတယ်။ “ထီဆိုင်ရှေ့မရောက်ခင် ဘယ်လောက်ပဲပြုံးပြုံးရွှင်ရွှင်နဲ့ သွားသွား၊ ထီဆိုင်ရှေ့ရောက်ရင် အကုသိုလ် ကဝင်တာပဲ။ ထီတစ်စောင်ကျပ်တစ်ထောင် ရေးထားပါလျက် ၁,၂၀ဝ၊ ၁,၃၀ဝ ပေးနေရ တာ ဘယ်လိုလုပ် ကုသိုလ်စိတ်ဝင်နိုင်ပါ့မလဲ”။

အောင်ဘာလေထီနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ဆိုတာကလည်း အစိုးရထုတ်ပြန် သလောက်သာရရှိတဲ့အတွက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက် နေ့မှာဖွင့်လှစ်ခဲ့တဲ့ ၁၀ ကြိမ်မြောက် ကျပ် တစ်ထောင်တန်ထီလက်မှတ်နဲ့ဆိုင်တဲ့အချက် အလက်တွေကို ကိုးကားတွက်ချက်ပါ့မယ်။

ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်ထုတ်ပြန်ချက်အရ ၁၀ ကြိမ်မြောက် ကျပ်တစ်ထောင်တန် ထီလက်မှတ်တွေကို ‘က’ အက္ခရာကနေ အစဉ် လိုက် ‘ကဂ’ အထိ အက္ခရာ (၃၆) လုံးနဲ့ ထီအစောင်ရေ ၃၂၃ သိန်းကျော် (၃၂၃၉၉၂၈ စောင်) ကို ရောင်းချခဲ့ပါတယ်။ ထီရောင်းရ ငွေအဖြစ် ကျပ်သန်းပေါင်းသုံးသောင်းနီးပါး (၂၉၄၅၄ ဒသမ ၄၈၀) ကို နိုင်ငံတော်အနေနဲ့ ရရှိခဲ့ပါတယ်။

ကနဦးအနေနဲ့မင်းမနိုင်ထီဈေးနှုန်းရဲ့ ထီထိုးသားပြည်သူတွေအပေါ် သက်ရောက်မှုကိုလေ့လာ ကြည့်ပါမယ်။ အကြမ်းအားဖြင့် တစ်ထောင်တန်ထီလက်မှတ်တစ်စောင်ကို ကျပ် ၂၀ဝ ပိုပေးရတယ် ဆိုကြပါစို့။

နိုဝင်ဘာလတစ်လတည်းအတွက်ရောင်းချခဲ့တဲ့ ထီစောင်ရေသိန်းသုံးရာကျော် (၃၂၃၉၉၂၈ စောင်) အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ထီထိုးသားပြည်သူတွေအနေနဲ့ ကျပ်သိန်းပေါင်း ၆၅,ဝဝဝခန့် (၆၄၇၉၉၈၀၅၆၀ဝ) ပိုမိုကုန်ကျခဲ့ပါတယ်။ အခုဆိုရင် ကျပ်တစ်ထောင်တန် အောင်ဘာလေထီဖွင့်လှစ်ခဲ့တာ ၁၁ ကြိမ် အထိရှိခဲ့ပါပြီ။ တစ်လကို ကျပ်သိန်းပေါင်း ၆၅,ဝဝဝ နှုန်း ပိုမိုကုန်ကျခဲ့တယ်လို့ မှတ်ယူကြည့် ၁၁ ကြိမ်အတွက်မူ ကျပ်သိန်းပေါင်း ခုနစ်သိန်းကျော်အထိရှိနေပါပြီ။

ဒါကြောင့်မင်းမနိုင်ထီဈေးနှုန်းက ထီထိုးသားပြည်သူတွေအပေါ် ဘယ်လောက်ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီလဲဆိုတာ ပြည်သူ့အစိုးရအနေနဲ့ သတိပြုသင့်နေပါပြီ။

တစ်ဖက်မှာတော့ မင်းမနိုင်ထီဈေးနှုန်းရဲ့ သက်ရောက်မှုကပြောင်းပြန်ဖြစ်နေပါတယ်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာတစ်လတည်းအတွက် နိုင်ငံတော်က ရောင်းချတဲ့ထီလက်မှတ်အရေအတွက်နဲ့ ရောင်းရငွေကိုတွက်ချက်ကြည့်ရင် ထီတစ်စောင်ကို ၉၀၉ ကျပ်နှုန်းနဲ့ ထီကိုယ်စားလှယ်တော်ကြီးများထံ ရောင်းချခဲ့တယ်လို့ယူဆရမှာပါ။ သတင်းတွေအရတော့ အောင်ဘာလေထီရုံးအနေနဲ့ ထီဆယ်စောင်အတွက် တစ်သောင်းကျပ်ဖြင့်ရောင်းချပြီး တစ်စောင်နှုန်း အပိုထည့်ပေးတယ်လို့သိရပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ထီကိုယ်စားလှယ်တော်ကြီးတွေဟာ ထီရောင်းသူ (နိုင်ငံတော်) နဲ့ ထီထိုးသား (ပြည်သူ) တွေအကြား ဈေးဗန်းခင်းပေးရုံနဲ့ နိုဝင်ဘာလတစ်လတည်း ကျပ်သိန်းပေါင်း တစ်သိန်းနီးပါး (၉၄၂၈၃၇၉၀၄၈) ရရှိသွားခဲ့ပါတယ်။ အကြမ်းအားဖြင့် ထီတစ်စောင်ကို ၉၀၉ ကျပ်နဲ့ အစိုးရဆီကရရှိပြီး ထိုးသားပြည်သူတွေဆီ ၁၂၀ဝ ကျပ်နဲ့ ရောင်းချတဲ့ထီတစ်စောင်အတွက် အမြတ်ငွေ ၂၉၁ ကျပ်ရရှိ နေတာပါ။

ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ မိမိရဲ့တရားဝင်သတ်မှတ်ဈေးနှုန်းကို ထိုးသားပြည်သူတွေဆီ အရောက် မပြောင်းလဲဘဲရှိနေဖို့ ထိန်းကျောင်းသင့်ပါပြီ။ ထီထိုးသားပြည်သူတွေအတွက် အကာအကွယ် ပေးမယ့် ထီဥပဒေတွေ၊ ထီနဲ့ဆိုင်တဲ့မူဝါဒတွေကို အလေးတယူစဉ်းစားသုံးသပ်ပြီး အမြန်ဆုံးရှာသင့်ပါပြီလို့ တိုက်တွန်းပါရစေ။

မြန်မာပြည်သူပြည်သားတွေဟာ တိုင်းကျော်ပြည်ကျော်ရောက်ရှိလာတဲ့ တရားမဝင်နှစ်လုံးထီ၊ သုံးလုံးထီနဲ့ အစိုးရရဲ့ တရားဝင်ထီတွေကို လောင်းကစားဝါသနာထုံလွန်းလို့ အားပေးနေကြတာတော့ မဖြစ်နိုင်ပါဘူး။ အုတ်တစ်ချပ်၊ သဲတစ်ပွင့်၊ ကောက်ရိုးတစ်မျှင်အဖြစ် ယုံကြည်ကိုးစားနေရခြင်းပဲ ဖြစ်ပါလိမ့်မယ်။ ကံကိုသာရိုးမယ်ဖွဲ့ပြီး ကျပ်နှစ်ရာပိုပေးရလည်း ‘ဘာအရေးလဲ’ မတွေးတော မချင့်ချိန်နိုင် ဘဲ လစဉ်လတိုင်းထီဆိုင် ရှေ့ရောက်သွားတတ်ကြပါတယ်။ ဒါကြောင့်ထီထိုးသား ပြည်သူတွေအတွက် ထီဆုပေါက်နိုင်ခြေကိုဆက်လက်လေ့လာကြည့်ပါစို့။

အောင်ဘာလေထီရုံးရဲ့ထုတ်ပြန်ချက်တွေအရ ထီရောင်းရငွေရဲ့ ၄၀ ရာခိုင် နှုန်းကို အောင်ဘာလေ ထီအခွန်အဖြစ်နိုင်ငံတော်ကရရှိပြီး ၆၀ ရာခိုင်နှုန်းကို ထီဆုမဲအဖြစ် ပြန်လည်ပေးအပ်ရပါတယ်။ ဒါဟာ တရားဝင်သတ်မှတ်ထားတာဖြစ်တဲ့အတွက် မျှတတမမျှတတလက်ခံရမှာပါ။ ထီထိုးသားပြည်သူတွေ အတွက် ရင်ခုန်စိတ်ဝင်စားတာကထီဆုပါ။ ထီပေါက်နိုင်ခြေထက် တစ်ခုတည်းသောအကြီးဆုံးဆုမဲဖြစ်တဲ့ သိန်း ၁၅၀ဝ၀ တန်ထီဆုပါ။ ပေါက်နိုင်ခြေဘယ်လောက်ရှိပါသလဲ။

ဖော်ပြပါပုံကိုလေ့လာကြည့်ရင် သိန်း ၁၀ဝဝ၊ သိန်း ၂၀ဝဝ၊ သိန်း ၅၀ဝဝ၊ သိန်း ၁၀ဝဝဝ နဲ့ သိန်း ၁၅၀ဝ၀ ဆုမဲတွေရဲ့ ပေါက်နိုင်ခြေကတော့ ဝ ဒသမ ဝ ရာခိုင် နှုန်းပဲရှိနေပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ ၁၀ ကြိမ်မြောက်ကျပ်တစ်ထောင်တန် ထီဖွင့်ပွဲမှာ ဆုမဲပေါင်း နှစ်သိန်းကျော် (၂၀၉ ၈၀၅) ဖွင့်လှစ်ပေးခဲ့ပါတယ်။ ရောင်းချထားတဲ့ ထီလက်မှတ်အစောင်ရေ ၃၂၃ သိန်းကျော် နဲ့ အချိုးချကြည့်ရင် ထိုးသားပြည်သူတွေအနေနဲ့ ထီအစောင်ရေ ၁၆၀ မှ ဆုမဲတစ်ခုပဲ ပေါက်နိုင်ခြေရှိပါတယ်။ ဒါပေမဲ့ သိန်းတစ်သောင်းခွဲတန် ထီဆုကြီးပေါက်နိုင်ခြေကတော့ ထီဆုမဲပေါင်း နှစ်သိန်းကျော်ထဲမှာမှ တစ်ဆုပဲဖြစ်ပါတယ်။

ဒါကြောင့် သတ်မှတ်ထားတဲ့ ထီဈေးထက် တရားမဝင်ကျပ် ၂၀ဝ၊ ၃၀ဝ ပိုပေးပြီး အားပေးထားတဲ့ ထီလက်မှတ်ဟာ ဘယ်လောက်တန်ဆုမဲကို ရည်မှန်းပြီး အား ပေးသလဲဆိုတာ တွေးဆသင့်ပါတယ်။ အနိမ့် ဆုံးက ကျပ်ငါးသောင်းဆုပါ။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်မှာဖွင့်လှစ်တဲ့ ၁၁ ကြိမ်မြောက် ကျပ် တစ်ထောင်တန် ထီဖွင့်ပွဲမှာတော့ သိန်းတစ်သောင်းခွဲတန်ထီဆုကြီးကို မြိတ်မြို့နယ်၊ ခရူတောရပ်ကွက် အထည်ဆိုင် မိသားစုက ဆွတ်ခူးသွားပါတယ်။ လစဉ်လတိုင်း ထီပုံမှန်ထိုးလေ့ရှိတဲ့ အထည်ဆိုင်ရှင်ဦးဂျပန်တို့မိသားစု ဟာ ထီတစ်စောင်ကိုကျပ် ၁၂၀ဝ နှုန်းနဲ့ ထိုးယူခဲ့ရတာလို့ ဆိုပါတယ်။

“ထီပေါက်တဲ့အတွက် အလှူကြီးတွေဆက်တိုက် ပေးသွားချင်တယ်။ သားသမီးတွေကိုလည်း အမြဲတမ်း ကောင်းကောင်းမွန်မွန်ထားချင်တယ်။ မိဘမဲ့ဂေဟာတို့၊ စားစရာမဲ့ သောက်စရာမဲ့ဖြစ်နေ သူကြုံရင် ကြုံသလိုလှူမယ်” လို့ သတင်းမီဒီယာတွေမှာ ဦးဂျပန်က ပြောထားပါတယ်။

အောင်ဘာလေထီကံစမ်းပွဲကြီးမှာ သိန်းတစ်သောင်းခွဲဆုကြီးဆွတ်ခူးသွားသူ တိုင်းကတော့ အလွန်ကံထူးသူတွေပါ။ ဒါပေမဲ့ ထီအရောင်းဆိုင်တွေထံက “သိန်းတစ်သောင်း ခွဲဆုကြီးကံထူးနိုင်ပါစေ” ဆိုတဲ့ ဆုတောင်းသံကတော့ မိမိအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုကို မပေးစွမ်းတော့ပါဘူး။

အောင်ဘာလေထီထိုးသူတိုင်း ထီပေါက်နိုင်ခြေများအောင် အစိုးရမင်းတွေ သတိပြုနိုင်ကြပါစေ၊ သတ်မှတ်ဈေးထက် တရားမဝင်ဈေးပိုပေးရခြင်းကလည်း ကင်းဝေးကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။


နှင်းကို – ရေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *